မူလ / (၂၇၆၅) ခုနှစ်၊ ကရင်အမျိုးသားနှစ်သစ်ကူးနေ့သို့ ပေးပို့သည့်သဝဏ်လွှာ

(၂၇၆၅) ခုနှစ်၊ ကရင်အမျိုးသားနှစ်သစ်ကူးနေ့သို့ ပေးပို့သည့်သဝဏ်လွှာ

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်

၁။ ကရင်သက္ကရာဇ် ၂၆၇၇ ခုနှစ်၊ စနေနေ့ (မြန်မာသက္ကရာဇ် ၁၂၉၉ ခုနှစ်၊ ပြာသိုလဆန်း၊ ၁ ရက်နေ့) အား ကရင်အမျိုးသားနှစ်သစ်ကူးနေ့အဖြစ် စတင်သတ်မှတ်၍ ကျင်းပခဲ့ကြသည်မှာ ယနေ့ (၂၇၆၅) ခုနှစ်ထိတိုင်ရှိပြီဖြစ်ကာ ရိုးရာအစဉ်အလာမပျက်ယွင်းဘဲ တန်ဖိုးထားလေးစားလျက် နှစ်စဉ်ကျင်းပနိုင်ခြင်းအား ဂုဏ်ယူဝမ်းမြောက်လှပါကြောင်း ဖော်ပြအပ်ပါသည်။ ထူးမြတ်သော ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အခါသမယတွင် ကရင်တိုင်းရင်းသားခေါင်းဆောင်ကြီးများ၊ ကရင် လူမျိုးများ၊ ကရင်တော်လှန်ရေးရဲဘော်ရဲဘက်အပေါင်းနှင့်တကွ ပြည်သူလူထုတစ်ရပ်လုံးတို့သည် ဘေးကင်းကျန်းမာစွာဖြင့် စစ်မှန်သောပျော်ရွှင်မှုတို့ ပိုင်ဆိုင်နိုင်ပါစေကြောင်း ဆန္ဒပြုအပ်ပါသည်။

၂။ ကရင်တိုင်းရင်းသားလူထုတစ်ရပ်လုံးသည် ခေတ်အဆက်ဆက်တွင် ကရင်အာဇာနည် ခေါင်းဆောင်ကြီးများ မျှော်မှန်းကြိုးစားခဲ့ကြသည့် တန်းတူညီမျှမှု၊ လွတ်လပ်မှုနှင့် ကိုယ်ပိုင်ပြဋ္ဌာန်း ခွင့်တို့ အပြည့်အဝ ရရှိနိုင်မည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီးအား လက်တွေ့ကျကျ တည်ဆောက်နိုင်ရန် တက်ညီလက်ညီ အတူတကွ ပူးပေါင်းဆောင်ရွက်နေကြသည့်အတွက်လည်း မိမိတို့အနေဖြင့် ဂုဏ်ယူဝမ်းမြောက်လှပါသည်။ တော်လှန်ရေးတာဝန်များကို ထမ်းရွက်လျက် အသက်ပေးဆပ်ခဲ့ကြရသော၊ ကိုယ်လက်အင်္ဂါရင်းနှီးပေးဆပ်ခဲ့ကြသော ကရင်အာဇာနည်၊ သူရဲကောင်း တစ်ဦးစီ၏ လေးစားစံပြုထိုက်သော ဂုဏ်အရည်အချင်းများကိုလည်း ဦးညွှတ်အပ်ပါသည်။

၃။ အကြမ်းဖက်စစ်အုပ်စုသည် အမျိုးမျိုးသော အကြမ်းဖက်လုပ်ရပ်များအား ပိုမိုတိုးမြှင့် လုပ်ဆောင်လျက် အတုအယောင်ရွေးကောက်ပွဲကိုလည်း ဟန်ပြကျင်းပမည်ဖြစ်ကာ နိုင်ငံတဝှမ်းရှိ တိုင်းရင်းသားပြည်သူလူထုအားလုံးတို့သည် ထိုနိုင်ငံရေးလှည့်ကွက်များကို အသိသတိကြီးစွာဖြင့် ပူးပေါင်းပါဝင်ဆန့်ကျင်သွားကြဖို့လည်း ထပ်လောင်းတိုက်တွန်းအပ်ပါသည်။

၄။ ထို့အပြင် ကရင်ဒေသတွင် နိုင်ငံတကာအနေဖြင့် လုံးဝလက်သင့်မခံနိုင်သော စစ်အာဏာ ရှင်များ၏ လက်ဝေခံအဖွဲ့အစည်းများက လုပ်ကိုင်နေကြသည့် အွန်လိုင်းငွေကြေးလိမ်လည်မှု လုပ်ငန်းများ ကြီးထွားပြန့်ပွားလာမှုသည် အလွန်အန္တရာယ်ကြီးမားသည့် ကိစ္စရပ် ဖြစ်သည့်အတွက် ကရင်ပြည်သူလူထုအနေဖြင့် ပူးပေါင်းဆန့်ကျင်တွန်းလှန်သွားကြဖို့လည်း အထူးတိုက်တွန်းအပ်ပါသည်။

၅။ ကရင်တိုင်းရင်းသားများအပါအဝင် ပြည်သူလူထုတစ်ရပ်လုံးသည် ယနေ့အချိန်ထိတိုင် ကျရာအခန်းကဏ္ဍအသီးသီး၌ ဆက်လက်ပါဝင်ရုန်းကန်နေကြသည့်အတွက် အားလုံး၏ ကြိုးစားမှု ရလဒ်များသည် မဝေးသောကာလတွင် နိုင်ငံနှင့်လူမျိုးများအတွက် အကျိုးကျေးဇူးကောင်းများ ရရှိ ဖြစ်ထွန်းလာမည်ကို ယုံကြည်ပါကြောင်းနှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့်လည်း အားလုံးသော တော်လှန်ရေးအင်အားစုများနှင့်အတူ ခိုင်ခိုင်မာမာရပ်တည်၍ ရှေ့ဆက်သွားမည်ဖြစ်ပါကြောင်း ကတိပြုလျက် ဤ (၂၇၆၅) ခုနှစ်၊ ကရင်အမျိုးသားနှစ်သစ်ကူးနေ့ သဝဏ်လွှာအား ဂုဏ်ယူစွာ ထုတ်ပြန်အပ်ပါသည်။

The Committee Representing Pyidaungsu Hluttaw

Scroll to Top