မူလ / ၂၇၆၃ ခုနှစ်၊ ကရင်အမျိုးသားနှစ်သစ်ကူးနေ့သဝဏ်လွှာ

၂၇၆၃ ခုနှစ်၊ ကရင်အမျိုးသားနှစ်သစ်ကူးနေ့သဝဏ်လွှာ

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်

၁။         ပထမဆုံး အစိုးရအသိအမှတ်ပြု ရုံးပိတ်ရက်အဖြစ် ကရင်သက္ကရာဇ် ၂၆၇၇ ခုနှစ်၊ စနေနေ့ (မြန်မာသက္ကရာဇ် ၁၂၉၉ ခုနှစ်၊ ပြာသိုလဆန်း ၁ ရက်နေ့) အား ကရင်နှစ်သစ်ကူးနေ့ သတ်မှတ်ခဲ့ကာ ယနေ့တွင် (၈၆) နှစ် တိုင်ခဲ့ပြီဖြစ်ပါသည်။ ယနေ့ ထူးမြတ်သည့် ကရင်နှစ်သစ်ကူး အခါသမယတွင် နိုင်ငံတွင်းနှင့် ကမ္ဘာ့နယ်မြေဒေသအသီးသီးသို့ ရောက်ရှိနေကြသည့် ကရင် တိုင်းရင်းသားအားလုံးတို့နှင့်အတူ တိုင်းရင်းသားပြည်သူအပေါင်းတို့သည် ပျော်ရွှင်အေးချမ်းစွာဖြင့် ဘေးအန္တရာယ်အပေါင်းကင်းစင်ဝေးလျက် ကောင်းကျိုးအဖြာဖြာ ပြည့်ဝပါစေကြောင်း နှစ်သစ်ကူး ဆုမွန်ကောင်း တောင်းအပ်ပါသည်။

၂။            ခေတ်အဆက်ဆက်တွင်သာမက လက်ရှိနွေဦးတော်လှန်ရေးတွင် ကရင်တိုင်းရင်းသား အားလုံးတို့သည် ညီနောင်တိုင်းရင်းသားများနှင့်အတူ စစ်အာဏာရှင်စနစ်ဆိုးအား ဆန့်ကျင်တွန်းလှန် ရင်းဖြင့် သမိုင်းပေးတာဝန်များအား ကျရာအခန်းကဏ္ဍများတွင် ကျေပွန်စွာ ပါဝင်ထမ်းဆောင်လျက် ရှိသည့်အတွက် မိမိတို့အနေဖြင့် ဝမ်းမြောက်ဂုဏ်ယူရကြောင်း လေးစားစွာ ဖော်ညွှန်းလိုပါသည်။

၃။           တိုင်းရင်းသားပြည်သူတစ်ရပ်လုံးသည် ခိုင်မာတည်ကြည်သော ယုံကြည်ချက်၊ ပြင်းပြ သော ခံယူချက်၊ တူညီသော တော်လှန်စိတ်ထားတို့ဖြင့် နိုင်ငံတဝှမ်းတွင် အကြမ်းဖက်စစ်တပ်၏ တရားမဝင်အာဏာသိမ်းယူရန် ကြိုးပမ်းမှုနှင့် ၎င်းတို့၏ အကြမ်းဖက်မှုများကို စိန်ခေါ်မှုများ၊ အကြပ်အတည်းများကြားမှပင် ရင်ဆိုင်တွန်းလှန်ရင်း အဆုံးသတ်အောင်ပွဲဆီသို့ ဆက်လက်ချီတက် လျက် ရှိသည့်အတွက် မကြာသော အနာဂတ်ကာလတွင် မိမိတို့အားလုံး၏ ရည်မှန်းချက်များ လက်တွေ့ကျစွာ အကောင်အထည်ပေါ် ဖြစ်ထွန်းလာမည်ကိုလည်း အပြည့်အဝ ယုံကြည်ပါသည်။

၄။           နွေဦးတော်လှန်ရေးမှ ဖြစ်ပေါ်လာသော အောင်မြင်မှုမှတ်တမ်းများသည် တိုင်းရင်းသား ပြည်သူအားလုံးနှင့် တော်လှန်ရေးအင်အားစုများအသီးသီး၏ ကြိုးစားမှု အကျိုးရလဒ်များအဖြစ် ထည်ဝါစွာ သမိုင်းဝင်ကမ္ဗည်းတင်မည့် မှတ်ကျောက်များ ဖြစ်ပါသည်။ ကရင်တိုင်းရင်းသားများ အနေဖြင့်လည်း တော်လှန်ရေးအင်အားစုများနှင့် လက်တွဲလျက် တော်လှန်ရေးအောင်ပွဲ အဆက် ဆက်အား ဖော်ဆောင်လျက်ရှိကာ ကရင်ခေါင်းဆောင်ကြီးများနှင့် သူရဲကောင်းအပေါင်းတို့၏ စွမ်းရည်သတ္တိများနှင့် ရင်းနှီးပေးဆပ်မှုများအတွက်လည်း ဂုဏ်ပြုဦးညွှတ်အပ်ပါသည်။

၅။      နွေဦးတော်လှန်ရေး အောင်မြင်မှုခွန်အားသစ်များဖြင့် ခြေလှမ်းညီညီ လျှောက်လှမ်းကာ စစ်အာဏာရှင်စနစ် အလုံးစုံကင်းစင်သည့် အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်ကြီးအား အမြန်ဆုံး တည်ဆောက်သွားနိုင်ရေးအတွက် ကရင်ညီနောင်တိုင်းရင်းသားများအပါအဝင် ပြည်ထောင်စုအတွင်းရှိ ညီနောင်တိုင်းရင်းသားများနှင့်အတူ တွဲလက်ညီစွာ ဆက်လက် ကြိုးပမ်း သွားမည်ဖြစ်ကြောင်း လေးနက်စွာ သန္နိဋ္ဌာန်ပြုလျက် ဤ ၂၇၆၃ ခုနှစ်၊ ကရင်အမျိုးသားနှစ်သစ်ကူးနေ့ သဝဏ်လွှာ အား ဂုဏ်ယူဝမ်းမြောက်စွာ ထုတ်ပြန်အပ်ပါသည်။

The Committee Representing Pyidaungsu Hluttaw

Scroll to Top