မူလ / (၂၇၆၂) နှစ်မြောက် ကရင်နီအမျိုးသား နှစ်သစ်ကူးနေ့သို့ပေးပို့သည့်သဝဏ်လွှာ

(၂၇၆၂) နှစ်မြောက် ကရင်နီအမျိုးသား နှစ်သစ်ကူးနေ့သို့ပေးပို့သည့်သဝဏ်လွှာ

၂၀၂၃ ခုနှစ်၊ ဧပြီလ ၁  ရက်

၁။           ထူးမြတ်သော ကရင်နီအမျိုးသားနှစ်သစ်ကူးနေ့ အချိန်အခါသမယတွင် ကရင်နီ အမျိုးသားများနှင့်တကွ တိုင်းရင်းသားပြည်သူများအားလုံး စိတ်သစ်၊ လူသစ်၊ ခွန်အားသစ်များဖြင့် စုစည်းမှုအင်အားကို အခြေတည်လျက် မျှော်ရည်သော ဖက်ဒရယ်ဒီမိုကရေစီ ပန်းတိုင်ဆီသို့ အမြန်ဆုံး ရောက်ရှိနိုင်ပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါသည်။

၂။            ကရင်နီလူမျိုးများသည် သမိုင်းအစဥ်အလာကောင်းများဖြင့် စာပေ၊ ယဥ်ကျေးမှု၊ ဓလေ့ ထုံးတမ်းများကို တန်ဖိုးထားလေးစားကြသူများဖြစ်ပြီး ဘီစီ ၇၃၉ ခုနှစ်တွင် မွန်ဂိုလီးယားနိုင်ငံ၊ ဂိုဘီ သဲကန္တာရဒေသမှ ရွှေ့ပြောင်းလာခဲ့ကြကာ ကရင်နီပြည်နယ်ကို တည်ထောင်၍ နေထိုင်လာခဲ့ ကြပါသည်။ မူလနေထိုင်ရာဒေသမှ စတင်ထွက်ခွာလာခဲ့သည့်နှစ်ကို အစွဲပြု၍ရေတွက်သော ကရင်နီ လူမျိုးတို့၏ ကရင်နီသက္ကရာဇ်သည် ယနေ့တွင် (၂၇၆၂) ခုနှစ်မြောက်သို့ ရောက်ရှိခဲ့ပြီဖြစ်ပါသည်။

၃။           အကြမ်းဖက်စစ်အာဏာရှင်တို့သည် နိုင်ငံတော်၏အာဏာကို လက်နက်အားကိုးဖြင့် ဥပဒေမဲ့သိမ်းယူခဲ့ပြီးနောက် နိုင်ငံတစ်ဝှမ်းတွင် ပြည်သူလူထုအား မတရားဖိနှိပ် အနိုင်ကျင့်သတ်ဖြတ် လျက်ရှိရာ ကရင်နီပြည်နယ်သည် အဆိုးရွားဆုံး ဖိနှိပ်ခံနေရပြီး ကရင်နီလူမျိုးများသည် ဥပဒေမဲ့ ဖမ်းဆီးခံနေရခြင်း၊ လူမဆန်စွာ သတ်ဖြတ်ခံနေရခြင်းများ၊ အိုးအိမ်စည်းစိမ်များအား မီးရှို့ဖျက်ဆီးခံ နေရခြင်းများ ရင်ဆိုင်နေကြရပြီး နေရပ်စွန့်ခွာ၍ ထွက်ပြေးတိမ်းရှောင်ရင်း မတရားမှုများအတွက် ခုခံတော်လှန်စစ်တွင် ရဲဝံ့စွာ ပါဝင်တိုက်ပွဲဝင်နေကြပါသည်။ နှစ်ပေါင်း (၇၀) ကျော်ကြာ စစ်အာဏာရှင် စနစ်ဆိုးကြောင့် စစ်ပွဲများ၊ ယမ်းငွေ့များအကြားမှာ ကရင်နီတိုင်းရင်းသားများနှင့်အတူ တိုင်းရင်းသား ပြည်သူများ ဒုက္ခများစွာ ရင်ဆိုင်နေရသည်မှာ ယနေ့အချိန်အထိ ဖြစ်ပါသည်။

၄။           ကရင်နီလူမျိုးများ၏ တိုင်းပြည်နှင့် လူမျိုးအပေါ် သစ္စာရှိမှုနှင့်အတူ ရဲစွမ်းသတ္တိ ပြည့်စုံစွာ တိုက်ပွဲများဖော်ဆောင်လျက် ‌အောင်ပွဲများစွာဖြင့် နွေဦးတော်လှန်ရေးတွင် ပါဝင်ဆင်နွှဲနေသည့် အတွက် လွန်စွာလေးစားဂုဏ်ယူပါကြောင်း ဖော်ပြအပ်ပါသည်။ စစ်တလင်းပြင် ဖြစ်နေသော်လည်း ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်နေကြပုံမှာ မြန်မာ့သမိုင်းတွင်သာမက ကမ္ဘာ့သမိုင်းတွင် မော်ကွန်းထိုးနိုင်မည် ဖြစ်ပြီး အတုယူစံထားရမည့် မျိုးချစ်စိတ်ဓာတ်ကို ပြသလျက်ရှိပါသည်။

၅။           မိမိတို့အားလုံး၏ ဘုံရည်မှန်းချက်ဖြစ်သည့် အားလုံးတန်းတူညီမျှခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင်လွတ်လပ်ခွင့်နှင့် ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးနိုင်ခွင့်ရှိမည့် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ် တည်ဆောက်ရေးတွင် တိုင်းရင်းသားပြည်သူများ၊ တော်လှန်ရေး အင်အားစုများ အားလုံးနှင့်အတူ ကြိုးစားတည်ဆောက်သွားမည်ဖြစ်ပြီး ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်ကို ကမ္ဘာတည်သရွေ့ တည်တံ့ခိုင်မြဲစေရန် ဆက်လက်အားထုတ် ကြိုးပမ်းသွားကြရမည်ဖြစ်ပါကြောင်း (၂၇၆၂) နှစ်မြောက် ကရင်နီအမျိုးသား နှစ်သစ်ကူးနေ့ သဝဏ်လွှာအား ဂုဏ်ယူစွာ ပေးပို့အပ် ပါသည်။

The Committee Representing Pyidaungsu Hluttaw

Scroll to Top