မူလ / (၂၇၁၅) နှစ်မြောက် တအာင်းနှစ်သစ်ကူးနေ့သို့ ပေးပို့သည့်သဝဏ်လွှာ

(၂၇၁၅) နှစ်မြောက် တအာင်းနှစ်သစ်ကူးနေ့သို့ ပေးပို့သည့်သဝဏ်လွှာ

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၆ ရက်

၁။         ယနေ့ကျရောက်သည့် (၂၇၁၅)နှစ်မြောက် တအာင်းနှစ်သစ်ကူးနေ့တွင် တအာင်း တိုင်းရင်းသားပြည်သူများနှင့်တကွ ပြည်ထောင်စုဖွား ညီနောင်သားချင်းများအားလုံးတို့သည် ရွှေရောင်ထွန်းလင်းမည့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်ကြီးတွင် ကောင်းကျိုးလိုအင်ဆန္ဒများ ပြည့်စုံကြွယ်ဝလျက် ဘေးရန်အပေါင်းကင်းဝေးကာ ကျန်းမာချမ်းသာစွာဖြင့် နှစ်သစ်အခါသမယအား ကြိုဆိုဖြတ်သန်းနိုင်ကြပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။

၂။          နှစ်ပေါင်းများစွာတိုင် တအာင်းတိုင်းရင်းသားတို့သည် ရိုးရာဓလေ့ထုံးတမ်းများအား တန်ဖိုးထားမြတ်နိုးကြကာ မျိုးဆက်သစ်တို့အား လက်ဆင့်ကမ်းထိန်းသိမ်းနိုင်စေရန် အမွေအနှစ် ကောင်းများကျန်ရစ်စေပြီး လွတ်လပ်မှု၊ တန်းတူညီမျှမှုတို့အတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည် မှာ သမိုင်းမှတ်တမ်းကောင်းများက သက်သေပြလျက်ရှိပါသည်။ တအာင်းတိုင်းရင်းသားတို့သည် တအာင်းနှစ်သစ်ကူးနေ့တွင် ဂုဏ်ပြုအခမ်းအနားများဖြင့် နှစ်သစ်ကို ကြိုဆိုခြင်း၊ ဂါရဝပြုခြင်း၊ ရိုးရာအစားအစာများဖြင့် တည်ခင်းဧည့်ခံခြင်း၊ ပျော်ပွဲရွှင်ပွဲများဆင်နွှဲခြင်းတို့ ပြုလုပ်ကြကာ ချစ်စရာဓလေ့များကို ဖော်ပြလေ့ရှိကြပါသည်။

၃။           သို့ရာတွင် အာဏာရှင်တို့ အုပ်စိုးနေသည့်ကာလများတွင် လွတ်လပ်ပျော်ရွှင်စွာ ကျင်းပ ဆင်နွှဲကြရမည့် နှစ်သစ်ကူးပွဲတော်တို့သည်လည်း ဆိတ်ငြိမ်ကွယ်ပျောက်နေကြရဆဲဖြစ်ပါသည်။ အာဏာရှင်စနစ်ဆိုးဟူသည် မည်သူတစ်ဦးတစ်ယောက်ကိုမျှ အကျိုးမပြုဘဲ ဆိုးကျိုးများသာ သက်ရောက်စေပြီး အာဏာရှင်စနစ် ကြီးစိုးသောနိုင်ငံများတွင် ပြည်သူများသည် စနစ်ဆိုး၏ဒဏ်အား အလူးအလဲခံကြရကာ နိုင်ငံသည်လည်း မအေးချမ်း မတည်ငြိမ်သော ဖြစ်ရပ်ဆိုးများ ပေါ်ပေါက်နိုင် သည်မှာ မိမိတို့တိုင်းရင်းသားများအားလုံး၏ ကိုယ်တွေ့များဖြစ်ပါသည်။ ယင်းစနစ်ဆိုးအား နိုင်ငံ တွင် အကြွင်းအကျန်မရှိ အပြီးသတ်ပပျောက်ရေးအတွက် အသက်၊ ခန္ဓာ ရင်းနှီးပေးဆပ်၍ တော်လှန်ဆန့်ကျင်ပါဝင်ခဲ့ကြသော ခေတ်အဆက်ဆက်နှင့် ယနေ့နွေဦးတော်လှန်ရေးမှ တအာင်း တိုင်းရင်းသားခေါင်းဆောင်များနှင့် သူရဲကောင်းအပေါင်းတို့၏ဂုဏ်ရည်အား မိမိတို့အနေဖြင့် ဤ သဝဏ်လွှာမှ တစ်ဆင့် အလေးအနက်ထား ဦးညွှတ်လိုပါသည်။   

၄။      ထူးမြတ်သောအခါသမယဖြစ်သည့် (၂၇၁၅) နှစ်မြောက်တအာင်း နှစ်သစ်ကူးနေ့ မှစ၍  ကမ္ဘာ့နိုင်ငံအသီးသီးနှင့် ပြည်ထောင်စုတဝှမ်းရှိ တအာင်းတိုင်းရင်းသား ပြည်သူများနှင့်အတူ အခြား တိုင်းရင်းသား ညီအစ်ကိုသွေးချင်းများအားလုံးတို့သည် နွေဦးတော်လှန်ရေးရည်မှန်းချက်များအား လက်တွေ့ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ကြကာ အကြမ်းဖက်စစ်အာဏာရှင်စနစ် ကင်းစင်သော ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်အား ခိုင်မာသောစုဖွဲ့မှုများဖြင့် ဆက်လက်တည် ဆောက်၍ အကျိုးပြုနိုင်ကြပါစေကြောင်း မိမိတို့အနေဖြင့် ဆန္ဒပြုလျက် ဤဂုဏ်ပြုသဝဏ်လွှာအား ဝမ်းမြောက်စွာ ပေးပို့အပ်ပါသည်။

The Committee Representing Pyidaungsu Hluttaw

Scroll to Top