၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်
၁။ နွေဦးတော်လှန်ရေးတပ်ဦးတွင် ပြည်သူလူထုနှင့်အတူ တွဲလက်မြဲမြဲ တော်လှန်တိုက်ပွဲ ဝင်ခဲ့ကြကာ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် စွမ်းစွမ်းတမံ ပါဝင်ခဲ့ကြသည့် ရှေ့ဆောင်လမ်းပြပဲ့ကိုင်ရှင် ဆရာ၊ ဆရာမ သူရဲကောင်းအပေါင်းတို့၏ ဂုဏ်အရည်အချင်း၊ ဇွဲ၊ သတ္တိတို့အား ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် ယနေ့ကမ္ဘာ့ဆရာများနေ့ တွင် အထူးလေးစားစွာ ဦးညွှတ်ဂုဏ်ပြုလိုပါသည်။
၂။ အကြမ်းဖက်စစ်အာဏာရှင်တို့သည် ပြည်သူလူထုအနေဖြင့် အသိပညာ၊ အတတ်ပညာ တို့ ပြည့်စုံကြွယ်ဝမည်ကို အလိုမရှိကြဘဲ နိုင်ငံတွင် အဓိကမဏ္ဍိုင်ဖြစ်သည့် ပညာရေးကဏ္ဍအား အလုံးစုံရိုက်ချိုးနင်းခြေထားသည်မှာ ခေတ်အဆက်ဆက် စစ်အာဏာရှင်စနစ်၏ ပညာရေးစနစ်က ဖော်ပြနေပါသည်။ ထိုနည်းတူစွာ ပညာမျှဝေပေးသည့် ဆရာ၊ ဆရာမတို့၏ အခန်းကဏ္ဍကိုလည်း တင်းကြပ်စွာ ထိန်းချုပ်၍ စိန်ခေါ်မှု၊ အခက်အခဲအမျိုးမျိုးတို့ တွေ့ကြုံရစေရန် စနစ်တကျ ပုံသွင်း လေ့ကျင့်ပေးခဲ့ကြခြင်းဖြစ်ပါသည်။ စစ်ကျွန်ပညာရေးစနစ်ဆိုး လက်အောက်တွင် ဆရာ၊ ဆရာမ များနှင့် ကျောင်းသူ၊ ကျောင်းသားများအနေဖြင့် လွတ်လပ်စွာ တီထွင်ကြံဆခွင့်၊ တွေးခေါ်မြော်မြင် ခွင့်၊ ပညာမျှဝေခွင့်၊ ပညာသင်ကြားခွင့်၊ သင်ယူခွင့်တို့ ဆုံးရှုံးခဲ့ကြရပါသည်။
၃။ အတိတ်သမိုင်းတွင်သာမက လက်ရှိနွေဦးတော်လှန်ရေးကာလတွင်လည်း ပြည်သူ့ ဝန်ထမ်း CDM ဆရာ၊ ဆရာမများသည် အကြမ်းဖက်စစ်ကောင်စီ၏ မတရားသဖြင့် ဖမ်းဆီး နှိပ်စက်မှု၊ ရိုက်နှက်မှု၊ သတ်ဖြတ်မှုများ ခံကြရပြီး မိသားစုလိုက် ဘဝပျက်ကြရသည့် အခြေအနေ သာမက အချို့သည် အကျဉ်းထောင်ထဲတွင် ဖမ်းဆီးခံနေကြရဆဲဖြစ်ပါသည်။ အကြမ်းဖက် စစ်အုပ်စုသည် လူမဆန်သောလုပ်ရပ်များအား တိုးမြှင့်လုပ်ဆောင်ရာတွင် အပြစ်မဲ့ပြည်သူများ အပါအဝင် စစ်ရေးပစ်မှတ်မဟုတ်သည့် စာသင်ကျောင်းများအား ရည်ရွယ်ချက်ရှိရှိ လေကြောင်း တိုက်ခိုက်မှု၊ စစ်ပွဲဖော်ဆောင်နေမှုများကြောင့် အသက်သေဆုံးခဲ့ကြရသည့် ဆရာ၊ ဆရာမများနှင့် ဖမ်းဆီးထိန်းသိမ်းခံထားရသော ဆရာ၊ ဆရာမများအတွက် တရားမျှတမှု အပြည့်အဝဖော်ဆောင် ပေးနိုင်ရန် အထူးအလေးထားကြိုးစားပေးစေလိုပါကြောင်း မိမိတို့အနေဖြင့် အာဆီယံ အပါအဝင် နိုင်ငံတကာအသိုက်အဝန်းသို့ ယနေ့အခမ်းအနားတွင် ထပ်လောင်း တိုက်တွန်းလိုပါသည်။
၄။ လက်ရှိတွင် ပြည်သူ့ဝန်ထမ်း CDM ဆရာ၊ ဆရာမများသည် အမျိုးသားညီညွတ်ရေး အစိုးရ၊ ပညာရေးဝန်ကြီးဌာနတွင် သက်ဆိုင်ရာကဏ္ဍအလိုက် ချိတ်ဆက်ပူးပေါင်းဆောင်ရွက်လျက် ဖက်ဒရယ်ဒီမိုကရေစီပညာရေးစနစ်၏ အခြေခံအုတ်မြစ်ကို အတားအဆီးများကြားမှပင် ခိုင်ခိုင် မာမာဖြင့် စတင်အကောင်အထည်ဖော်တည်ဆောက်နေကြပြီဖြစ်သည့်အတွက် ပြည်သူလူထုနှင့် ထပ်တူ ကြည်နူးဝမ်းသာမိပါကြောင်း ဖော်ပြလိုပါသည်။ ဆရာ၊ ဆရာမတို့၏ ကာယအား၊ ဉာဏအားတို့ ရင်းနှီးမြုပ်နှံထားရသည့် ပညာမျှဝေမှုလုပ်ငန်းများဖြင့် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော် သစ်ဆီသို့ ဘေးကင်းလုံခြုံစွာ ဆက်လက်ချီတက်လျှောက်လှမ်းသွားနိုင်ပါစေကြောင်း ဆန္ဒပြုအပ်ပါသည်။
၅။ မိမိတို့အနေဖြင့် အနာဂတ် ပညာရေးကဏ္ဍ၌ ငွေလမ်းခင်း၍ လျှောက်လှမ်းရသော စစ်ကျွန်ပညာရေးစနစ်ကို အပြီးတိုင် တွန်းလှန်ကာ အမှန်တကယ် သိမြင်နားလည်မှု၊ ကျွမ်းကျင်မှု တို့ဖြင့် လူသားအကျိုးပြု ဆောင်ရွက်နိုင်မည့်၊ လွတ်လပ်သည့် ဖက်ဒရယ်ဒီမိုကရေစီ ပညာရေး စနစ်သစ်တစ်ခု ပေါ်ထွန်းလာစေရန် CDM ဆရာ၊ ဆရာမများ၏ အားအင်ဖြင့် လက်တွဲညီစွာ ဆက်လက်ချိတ်ဆက်လုပ်ဆောင်သွားမည်ဖြစ်ပါကြောင်း ကတိပြုလျက် ဤသဝဏ်လွှာအား ပေးပို့အပ်ပါသည်။
The Committee Representing Pyidaungsu Hluttaw


