မူလ / ပြည်ထောင်စုလွှတ်တော် ပဥ္စမအကြိမ်အစည်းအဝေး ပထမနေ့၌ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံပါလီမန်အမတ်များအဖွဲ့ (APHR) ဥက္ကဋ္ဌ မစ္စတာ ချားလ်စန်တီယာဂို ပြောကြားခဲ့သည့် အမှာစကား

ပြည်ထောင်စုလွှတ်တော် ပဥ္စမအကြိမ်အစည်းအဝေး ပထမနေ့၌ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံပါလီမန်အမတ်များအဖွဲ့ (APHR) ဥက္ကဋ္ဌ မစ္စတာ ချားလ်စန်တီယာဂို ပြောကြားခဲ့သည့် အမှာစကား

ပြည်ထောင်စုလွှတ်တော် ပဥ္စမအကြိမ်အစည်းအဝေး ပထမနေ့၌ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံပါလီမန်အမတ်များအဖွဲ့ ဥက္ကဋ္ဌ မစ္စတာ ချားလ်စန်တီယာဂို ပြောကြားခဲ့သည့် အမှာစကားအား အများပြည်သူသိရှိနိုင်ရန် မြန်မာဘာသာဖြင့် ထုတ်ပြန်အပ်ပါသည်။ ဥက္ကဋ္ဌကြီးနှင့်တကွ CRPH အဖွဲ့ဝင်များအားလုံး ကျွန်တော့်ကိုဖိတ်ခေါ်ပေးတဲ့အတွက် ကျေးဇူးတင်ရှိပါတယ်။

အားလုံးကို APHR တစ်ဖွဲ့လုံးရဲ့ကိုယ်စား ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ပြန်လည်ရရှိပါစေလို့ ဆုတောင်းပေးပါတယ်။ ပထမဦးဆုံးအနေနဲ့ ဒီမိုကရေစီအတွက် အခုလိုမျိုး မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်တပ်ရဲ့ ရက်စက်တဲ့စစ်ပွဲအား ဆန့်ကျင်နေကြတဲ့ လူကြီးမင်းတို့ရဲ့ ကြိုးစားအားထုတ်မှုတွေအတွက်ကို ကျွန်တော်အလေးပြုချင်ပါတယ်။ မြန်မာ ပြည်သူများအတွက်သာမက ဒေသတွင်းတစ်ခုအတွက်ရော၊ အာဆီယံအတွက်ရော လူကြီးမင်းတို့ဟာ လေးစားအတုယူစရာကောင်းတဲ့သူတွေ ဖြစ်ပါတယ်။ ကမ္ဘာကြီးနဲ့ အရှေ့တောင်အာရှမှာရှိတဲ့ လွတ်လပ်မှုနဲ့ လူ့အခွင့်အရေးကို ချစ်မြတ်နိုးကြတဲ့ ကျွန်တော်တို့အားလုံးအတွက် တကယ်ကိုလေးစားအတုယူစရာ ဖြစ်ပါတယ်။ ဒီနေ့ ကြာသပတေးနေ့ဟာ ၁၀ နှစ်ကြာ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုအားလုံးကို အဆုံးသတ်ခဲ့တဲ့ စစ်တပ်ရဲ့ တရားမဝင်အာဏာသိမ်းမှု ၂ နှစ်ပြည့်ဖြစ်ပါတယ်။

မြန်မာနိုင်ငံအနေနဲ့ မလွတ်လပ်မှုတွေ၊ ပဋိပက္ခတွေ၊ ပြဿနာတွေအားလုံးနဲ့ ရင်ဆိုင်ခဲ့ရပြီး ဖြစ်ပါပြီ။ ရိုဟင်ဂျာလူမျိုးတွေအနေနဲ့ သမိုင်းမှာ စစ်တပ်ရဲ့ အဆိုးရွားဆုံးသော အကြမ်းဖက်မှုတွေကို ခံစားခဲ့ရတာ ၄ နှစ်ရှိပါပြီ။ ဒီပဋိပက္ခအားလုံးရဲ့ အဖြေဟာ ဒီမိုကရေစီသာဖြစ်ပြီး စစ်အာဏာရှင်မဟုတ်ပါဘူး။ အခု ၂ နှစ် စစ်အာဏာသိမ်းမှု အပြီးမှာတော့ မြန်မာနိုင်ငံက လုံးဝကို ကျရှုံးနိုင်ငံ (Fail State) ကြီးဖြစ်နေပါပြီ။ စစ်အာဏာရှင်တွေဟာ နေ့စဉ်နဲ့အမျှ ပြည်သူတွေအပေါ်မှာ ကျူးလွန်နေပါတယ်။ ဗုံးကြဲတိုက်ခိုက်မှုတွေ၊ သတ်ဖြတ်မှုတွေ၊ မီးရှို့ဖျက်ဆီးမှုတွေကို ကျူးလွန်လုပ်ဆောင်နေပါတယ်။ ဒါပေမယ့်လည်း စစ်တပ်အနေနဲ့ နိုင်ငံတဝှမ်းခုခံတွန်းလှန်မှုတွေကြောင့် တိုင်းပြည်ကို ထိန်းချုပ်နိုင်စွမ်း မရှိတော့ပါဘူး။ ဒါဟာ လွတ်လပ်ရေးရပြီးနောက် ပထမဦးဆုံးသော စစ်တပ်ရဲ့ကျရှုံးမှုဖြစ်ပါတယ်။

အဲ့ဒီတော့ အမှန်တကယ်အားဖြင့် အတိုကောက်ပြောရမယ်ဆိုရင် ဒီလိုမျိုးအကြမ်းဖက် ဆောင်ရွက်မှုတွေက စစ်အာဏာသိမ်းမှုကြီး ကျရှုံးနေတယ်ဆိုတဲ့ သက်သေအထောက်အထား လည်း ဖြစ်နေပါတယ်။ ဒီအခါမှာတော့ အကြမ်းမဖက်အာဏာဖီဆန်မှုအပါအဝင် မြန်မာနိုင်ငံရဲ့ လူငယ်တွေဆိုတာလည်း သိပ်ကို လေးစားစရာကောင်းတဲ့ ပုံစံမျိုးတွေနဲ့ သူတို့ရဲ့ အသက်တွေကိုပါ ပဓာနမထားဘဲ လုံးဝကို တိုက်ပွဲဝင်နေခဲ့တာကို တွေ့ရပါတယ်။ သို့သော် သူတို့အနေနဲ့ တိုင်းရင်းသားလူနည်းစုတွေရဲ့ အမျိုးသားလက္ခဏာတွေနဲ့ နောင်နှစ်ပေါင်းများစွာမှာ မြန်မာနိုင်ငံဟာ ဘယ်လိုဖြစ်သင့်လဲဆိုတဲ့ အခြေခံကျတဲ့ မေးခွန်းတွေကို မေးနေကြပါပြီ။ စစ်တပ်ကို စစ်တန်းလျားကို ပြန်ပို့ချင်တာမဟုတ်ဘူး။ ပိုပြီးပွင့်လင်းပြီးတော့ ဒီမိုကရေစီစံနှုန်းတွေနဲ့ မတူကွဲပြားမှုတွေစုံလင်ပါဝင်တဲ့ သမိုင်းဝင်မယ့် စစ်တပ်အသစ်ကြီးကို တည်ဆောက်ချင်ကြတာ ဖြစ်ပါတယ်။ အနာဂါတ်ဟာ သူတို့လက်ထဲမှာ ရှိပါတယ်။ သူတို့ရဲ့ အသံတွေကို နားထောင်ပေးပါ။

APHR အနေနဲ့ လူကြီးမင်းတို့ ရုန်းကန်ကြိုးစားနေတာကို ပြည့်ပြည့်ဝဝ ထောက်ခံပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ်အကြာက CDM လုပ်ငန်းစဉ်တွေကို ထောက်ပံ့ကူညီဖို့အတွက် ကမ္ဘာကြီးက ပိုသိလာအောင် ကျွန်တော်တို့အနေနဲ့ ကြိုးစားလုပ်ဆောင်ခဲ့ပါတယ်။ CRPH၊ NUG၊  အခြားသောသက်ဆိုင်သူတွေနဲ့ မြန်မာ့ပဋိပက္ခအပေါ် ကမ္ဘာကြီးက တုန့်ပြန်ဆောင်ရွက်ပေးဖို့ ဒုတိယဥက္ကဋ္ဌ ဟေဒီဟော်တလာ ပြောကြားခဲ့သလို လွှတ်တော်ရေးရာ စုံစမ်းစစ်ဆေးမှုတွေ ကြားနာစစ်ဆေးခဲ့ပါတယ်။ မနှစ်က စက်တင်ဘာမှာ ဝါရှင်တန်နဲ့ နယူးယောက်ကိုသွားပြီးတော့ အမေရိကန်မှာရှိတဲ့ ကုလသမဂ္ဂ တာဝန်ရှိသူတွေအနေနဲ့ ဒီမိုကရေစီအတွက် ပိုမိုလုပ်ဆောင်ပေးရန် ကျွန်တော်တို့အနေနဲ့ အချက်အလက်တွေကို တင်ပြခဲ့ပါတယ်။ ကျွန်တော့အနေနဲ့လည်း ဒီဇင်ဘာလတွင် ဘရပ်ဆဲမြို့သို့ သွားရောက်ခဲ့ပြီး ဥရောပကော်မရှင်နဲ့ ဥရောပပါလီမန်တို့နှင့်လည်း အလားတူလုပ်ဆောင်ခဲ့ပါတယ်။

ဒီကနေ့ မြန်မာနိုင်ငံမှာဖြစ်နေတဲ့ အာဏာရှင်စနစ်နဲ့ ဒီမိုကရေစီစနစ်အကြား ပဋိပက္ခဟာ ကျွန်တော်တို့အားလုံးနဲ့ သက်ဆိုင်တယ်ဆိုတာကို နားလည်လက်ခံပါတယ်။ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီကို ပြန်လည်ရရှိစေချင်ပါတယ်လို့ပြောတဲ့ နိုင်ငံတကာအသိုင်းအဝိုင်းတွေက တကယ်တမ်းကျတော့ သူတို့လုပ်သင့်သလောက် လုံလောက်စွာလုပ်နေတာမျိုး မရှိပါဘူး။ ဒီတော့ NUG ကိုသာလျှင် မြန်မာနိုင်ငံရဲ့တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုခြင်း၊ အာဏာသိမ်းစစ်တပ်အပေါ် ဖိအားပေးခြင်းနှင့် အရေးယူဒဏ်ခတ်မှုတွေပြုလုပ်နိုင်ရေး ပူးပေါင်းဆောင်ရွက်ခြင်း၊ လူသားချင်းစာနာထောက်ထားမှုအထောက်အပံ့များကို NUG နှင့် မဟာမိတ် တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေကတစ်ဆင့် ထောက်ပံ့ကူညီခြင်း ဆိုတာမျိုးတွေက သိပ်ကိုအရေးကြီးတဲ့လုပ်ငန်းစဉ်တွေအဖြစ် အကောင်အထည်ဖော်ရမှာတွေ ဖြစ်ပါတယ်။ အဲ့ဒီတော့ ဒီမိုကရေစီသည် မြန်မာနိုင်ငံမှာ မကြာခင်ပြန်လည်ရရှိတော့မယ် ဆိုတာ သေချာနေပါတယ်။ စစ်တပ်ကို ဆန့်ကျင်ရမယ့်ကိစ္စရပ်တွေကတော့ အချိန်အတိုင်းအတာ တစ်ခုအထိ ရှိနေဦးမလားဆိုတာကိုတော့ ကျွန်တော်တို့ စဉ်းစားနေရပါတယ်။ စိတ်ပူနေရပါတယ်။ နောက်ဆုံးမှာ မြန်မာပြည်သူတွေရဲ့ အကြောက်တရားမရှိတဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုတွေကြောင့် ဒီမိုကရေစီကသာ အနိုင်ရရှိသွားမှာဆိုတာကို သေချာပါတယ်။ အဲဒီတော့ CRPH ဘက်ကနေလည်း မြန်မာနိုင်ငံရဲ့ အနာဂတ်ကို ဖော်ဆောင်ပေးဖို့ လိုအပ်တဲ့ဥပဒေတွေကိုလည်း ချမှတ်ပေးဖို့ တာဝန်ရှိတယ်လို့ ပြောချင်ပါတယ်။ ဒီလုပ်ငန်းတာဝန်တွေက လွယ်ကူတဲ့တာဝန်တွေတော့မဟုတ်ပါဘူး။ အခုအခါမှာ ခွဲခြားမှုမရှိ တန်းတူမှု၊ တရားမျှတမှုနဲ့ ပြည်သူတွေကိုဝန်ဆောင်မှုပေးချင်တဲ့ စစ်မှန်တဲ့ဆန္ဒတွေဆိုတာ သိပ်ကိုအရေးကြီးတဲ့အတွက် ပြည်သူတွေကိုကိုယ်စားပြုနိုင်တဲ့ ကိုယ်စားလှယ်တွေကသာလျှင် ဒီအချက်တွေနဲ့ ပြည့်စုံမှာ ဖြစ်ပါတယ်။

APHR အနေနဲ့ လူကြီးမင်းတို့ဘက်မှာ အမြဲတမ်းရှိနေမှာဖြစ်ပြီး စစ်တပ်ရဲ့ ရက်စက်ယုတ်မာမှုတွေကို ဆန့်ကျင်နေမှာ ဖြစ်ပါတယ်။ မကြာတဲ့အနာဂါတ်မှာ နေပြည်တော်မှာရှိတဲ့လွှတ်တော်၊ ရန်ကုန်မြို့မှာရှိတဲ့လွှတ်တော် အစရှိတဲ့ ဒီလွှတ်တော်တွေဆီကို ကျွန်တော်တို့လည်း လူကိုယ်တိုင်လာရောက်ပြီး တွေ့ဆုံနိုင်ဖို့အတွက်ကိုလည်း မျှော်လင့်နေပါမယ်။ ဒီလိုနေ့တွေရောက်လာမယ်ဆိုတာ ယုံကြည်ပါတယ်။ ကျွန်တော့ကို ဒီလိုစကားပြောကြားခွင့်ပေးတဲ့အတွက် ကျေးဇူးတင်ကြောင်းပြောချင်ပါတယ်။

Scroll to Top