မူလ / အီဒွလ်ဖိသ်ရ် ဝါကျွတ်အီးဒ်နေ့ရက်မြတ် နှုတ်ခွန်းဆက်ဆုတောင်းသဝဏ်လွှာ

အီဒွလ်ဖိသ်ရ် ဝါကျွတ်အီးဒ်နေ့ရက်မြတ် နှုတ်ခွန်းဆက်ဆုတောင်းသဝဏ်လွှာ

၂၀၂၅ ခုနှစ်၊ မတ်လ ၃၀ ရက်

၁။ အစ္စလာမ်ဘာသာဝင်များ၏ ထူးမြတ်သော အီဒွလ်ဖိသ်ရ်ဝါကျွတ်အီးဒ်နေ့ နေ့ထူးနေ့မြတ် အချိန်အခါသမယတွင် အစ္စလာမ်ဘာသာဝင်များအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာ ခြင်းနှင့် ပြည့်စုံကြပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။

၂။ ရာမဒါန်လအတွင်း ဥပုသ်သီလ ဆောက်တည်ခဲ့ကြသည့် အစ္စလာမ်ဘာသာဝင် မိဘ ပြည်သူများ၊ ညီအစ်ကိုမောင်နှမများအနေဖြင့် ဝါကျွတ်အီးဒ်နေ့ပွဲတော်ကို ပုံမှန်အားဖြင့် ပျော်ရွှင် ချမ်းမြေ့စွာ လှူဒါန်းပေးကမ်းခြင်း၊ ကျွေးမွေးခြင်းများဖြင့် ကျင်းပလေ့ရှိကြသော်လည်း ၂၈-၃-၂၀၂၅ ရက်နေ့တွင် မြန်မာနိုင်ငံနေရာဒေသအချို့တွင် အင်အားပြင်းငလျင် ၇.၇ ရစ်ချ်တာစကေး လှုပ်ခတ် ခဲ့သည့်အတွက် လူမျိုးဘာသာဝင်အသီးသီး၏ သာသနိကအဆောက်အဦများ ပြိုကျပျက်စီးခဲ့ပါ သည်။ ပြင်းထန်သည့်ငလျင်လှုပ်ခတ်သည့်အချိန်သည် အစ္စလာမ်ဘာသာဝင်များ၏ နေ့ထူးနေ့မြတ် ဖြစ်သော သောကြာနေ့၊ စုပေါင်းဝတ်ပြုနေသည့်အတွက် ဝတ်ပြုလာသူ အစ္စလာမ်ဘာသာဝင် အများအပြား မြင့်မြတ်သော ရှဟီဒီများအဖြစ် ကွယ်လွန်သေဆုံးခဲ့ရပြီး ယနေ့ အီးဒ်နေ့အချိန်အခါ သမယသည် ကျန်ရစ်သူ မိဘမောင်ဖွား ညီအစ်ကို မောင်နှမများ ဆွေမျိုးများနှင့်အတူ ပူဆွေး သောကရောက် နေရချိန်ဖြစ်သည့်အတွက် မိမိတို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ အနေဖြင့် အစ္စလာမ်ဘာသာဝင်မိသားစုများနှင့် ထပ်တူခံစားရပါကြောင်း ဖော်ပြလိုပါသည်။

၃။ ကွယ်လွန်သူများအပေါ် အလ္လာရှင်မြတ်ထံတော်တွင် ငြိမ်းချမ်းစွာနှင့် ကောင်းမွန်သော အဆင့်အတန်းတွင်ရှိပါစေကြောင်းနှင့် ကျန်ရစ်သူမိသားစုဝင်များကိုလည်း ပြည့်ဝသော ခန္တီတရား နှင့်အတူ ကြံ့ကြံ့ခံရပ်တည်နိုင်သော စိတ်စွမ်းအားများကို အလ္လာလ်ရှင်မြတ်ထံတော်မှ အစားပေး ချီးမြှင့်ပါစေကြောင်း ဆုတောင်းမေတ္တာပို့သရင်း ဤနှုတ်ခွန်းဆက်သဝဏ်လွှာအား ဝမ်းနည်းစွာ ထုတ်ပြန်အပ်ပါသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

Scroll to Top