၂၀၂၅ ခုနှစ်၊ ဧပြီလ ၁၀ ရက်
၁။ ယနေ့ကျရောက်သည့် အာရက္ခတပ်တော် ဖွဲ့စည်းခြင်း (၁၆) နှစ်ပြည့် နှစ်ပတ်လည် အချိန်အခါသမယတွင် အာရက္ခတိုင်းရင်းသားခေါင်းဆောင်ကြီးများအားလုံးနှင့်တကွ အာရက္ခ တစ်မျိုးသားလုံး ဘေးအန္တရာယ်အပေါင်းကင်းဝေးကာ ကာလရှည်ကြိုးပမ်းခဲ့သည့် အာရက္ခနိုင်ငံရေး ရည်မှန်းချက်များအားလုံး အမြန်ဆုံး ပြည့်မြောက်ကြပါစေကြောင်း လေးနက်စွာ ဆန္ဒပြုဆုတောင်းအပ်ပါသည်။
၂။ အာရက္ခတပ်တော်သည် ရခိုင်ပြည်သူလူထု၏ ကိုယ်ပိုင်လွတ်လပ်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်း ခွင့်နှင့် ကိုယ့်ကံကြမ္မာကိုယ် ဖန်တီးခွင့်ရရှိနိုင်ရေးတို့အတွက် မဆုတ်မနစ်သော စိတ်ဓာတ်ဖြင့် ရဲရဲ ဝံ့ဝံ့ တိုက်ပွဲဝင်ခဲ့ကြသည်မှာ ယနေ့အချိန်တွင် (၁၆) နှစ်တိုင်တိုင် ရှိခဲ့ပြီဖြစ်ပါသည်။ အာရက္ခအိပ်မက် အား လက်တွေ့ကျကျ အကောင်အထည်ဖော်နိုင်ရေးအတွက် မြင့်မြတ်စွာ အသက်ပေးဆပ်ခဲ့ကြ သည့် အာရက္ခတပ်တော် ခေါင်းဆောင်ကြီးများ၊ ရဲဘော်များနှင့်အတူ ရခိုင်ပြည်သူလူထုအာဇာနည် သူရဲကောင်းအပေါင်းတို့အား ဤသဝဏ်လွှာမှတစ်ဆင့် ဦးညွှတ် အလေးပြုအပ်ပါသည်။
၃။ အာရက္ခတပ်တော်၏ စွန့်လွှတ်အနစ်နာခံမှု၊ သစ္စာရှိမှု၊ ရဲရင့်ပြတ်သားမှုနှင့် စုစည်းညီ ညွတ်မှုတို့ကြောင့် ရခိုင်ပြည်သူတို့၏ ယုံကြည်အားထားမှုကို အပြည့်အဝရရှိထားခြင်းပင် ဖြစ်ပါ သည်။ လက်ရှိအချိန်တွင် အာရက္ခတပ်တော်သည် ရခိုင်ဒေသအများအပြားကို ထိန်းချုပ်ထား နိုင်ပြီးဖြစ်သကဲ့သို့ မကြာမီကာလတွင် တစ်စိုက်မတ်မတ်ကြိုးစားခဲ့သည့် ရည်မှန်းချက်များ ပြည့်မြောက်စွာ ဆက်လက်ဆောင်ရွက်နိုင်လိမ့်မည်ဟု အခိုင်အမာ ယုံကြည်ပါသည်။
၄။ ပြည်ထောင်စုတစ်ဝန်းရှိ တိုင်းရင်းသားပြည်သူအားလုံးအတွက် ငြိမ်းချမ်းသော အနာဂတ်ကို အကောင်အထည်ဖော်နိုင်ရေးမှာ စစ်အာဏာရှင်စနစ်ကို အမြန်ဆုံး အပြီးတိုင် အဆုံးသတ်နိုင်ရေးသည် အလွန်အရေးကြီးသော အဓိကအချက်ဖြစ်ပြီး အာရက္ခတပ်တော် အပါအဝင် အခြားသော တော်လှန်ရေးအင်အားစုအသီးသီး၏ စည်းလုံးညီညွတ်မှုနှင့် ပူးပေါင်း ဆောင်ရွက်မှု၊ အချင်းချင်း အပြန်အလှန် နားလည်ယုံကြည်မှု၊ လေးစားတန်ဖိုးထား အသိအမှတ် ပြုမှုတို့ဖြင့် ဆက်လက်ကြိုးပမ်းသွားကြရမည် ဖြစ်ပါသည်။ အဖက်ဖက်မှရှုံးနိမ့်နေသည့် အကြမ်းဖက် စစ်အာဏာရှင်တို့သည် တိုင်းပြည်အာဏာအား ဆက်လက်ထိန်းချုပ်ထားနိုင်ရန် နည်းအမျိုးမျိုးဖြင့် ကြိုးပမ်းနေခြင်းကြောင့် တော်လှန်ရေးသတိဖြင့် တော်လှန်ရေးအင်အားစုများအကြား ပေါင်းစပ် ညှိနှိုင်းတားဆီးသွားရန် အထူးလိုအပ်ပါသည်။
၅။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့်လည်း အာရက္ခတပ်တော် အပါအဝင် အခြားသော တော်လှန်ရေးအင်အားစုများနှင့်အတူပူးပေါင်း၍ တိုင်းရင်းသားအားလုံး တန်းတူအခွင့်အရေးရရှိရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရရှိရေးတို့အတွက် ကြုံတွေ့ လာမည့် စိန်ခေါ်မှုအခက်အခဲများကို အတူယှဉ်တွဲ ရင်ဆိုင်ကျော်ဖြတ်ကာ ကြိုးပမ်းလျက်ရှိ ပါသည်။ အာရက္ခတပ်တော်အနေဖြင့် အာရက္ခတစ်မျိုးသားလုံးအတွက် ငြိမ်းချမ်းသော အနာဂတ် သစ်ဖန်တီးပုံဖော်နိုင်ရေးနှင့် တိုင်းရင်းသားပြည်သူအားလုံးအတွက် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ် တည်ဆောက်နိုင်ရေးတွင် ခွန်အားသစ်များဖြင့် ဆက်လက်ကြိုးပမ်းဆောင် ရွက်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက် ဤသဝဏ်လွှာအား ပေးပို့အပ်ပါသည်။
The Committee Representing Pyidaungsu Hluttaw


