မူလ / ဝမ်းနည်းကြောင်းသဝဏ်လွှာ

ဝမ်းနည်းကြောင်းသဝဏ်လွှာ

၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်သည် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်နေ့၊ နံနက် ၃ နာရီအချိန်တွင် ကွယ်လွန်သွားပြီဖြစ်ကြောင်း ကြားသိရသည့်အတွက် မိမိတို့ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် ကျန်ရစ်သူမိသားစုဝင်များနှင့်ထပ်တူ အထူးပင်ဝမ်းနည်းကြေကွဲရပါသည်။

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်သည် မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေးကြိုးပမ်းရာတွင် မေ့ပျောက်၍မရနိုင်သော ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပါသည်။ အာဇာနည်မျိုး သေရိုးမရှိဆိုသလို လူသေသော်လည်း နာမည်မသေသော ပုဂ္ဂိုလ်တစ်ဦးအဖြစ် မြန်မာ့သမိုင်းတွင် ကမ္ဗည်းထိုးနိုင်ခဲ့ပြီဖြစ်ပါသည်။ အကြမ်းဖက်စစ်ကောင်စီ၏ ညှဉ်းပန်းနှိပ်စက်မှုဒဏ်များကို နောက်ဆုံးထွက်သက်အချိန်အထိ အရှုံးမပေးလက်မမြှောက်ဘဲ ဆန့်ကျင်တိုက်ပွဲဝင်ခဲ့သည်မှာ လေးစားအတုယူဖွယ်ကောင်းသကဲ့သို့ ရင်နင့်ဖွယ်လည်း ကောင်းလှပါသည်။ မြန်မာတစ်နိုင်ငံလုံး ဒီမိုကရေစီရရှိရေးအတွက်ဆိုသော ခံယူချက်ကို မြဲမြံစွာဆုပ်ကိုင်ရင်း တရားမျှတမှုအတွက် အသက်ပေးဆပ်ခဲ့ရသော အာဇာနည်ပုဂ္ဂိုလ်အဖြစ် မြန်မာနိုင်ငံသူ၊ နိုင်ငံသားတို့၏ ရင်ထဲတွင် မေ့ပျောက်၍မရနိုင်သောဖြစ်ရပ်တစ်ခုအဖြစ် အစဉ်အမြဲ သတိရ အောက်မေ့နေမည် ဖြစ်ပါသည်။

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်ခြင်းသည် မိမိတို့ ပြည်သူလူထုအတွက် လွန်စွာကြီးမားသော ဆုံးရှုံးမှုတစ်ခုဖြစ်ပါသည်။ အသက်ပေးဆပ်ကာ ဒီမိုကရေစီကို ကာကွယ်ထိန်းသိမ်းခဲ့သည့် မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၏ မပြီးဆုံးသေးသော ဒီမိုကရေစီတိုက်ပွဲကို မိမိတို့ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် အခြားသောတော်လှန်ရေးအင်အားစုအသီးသီးနှင့်အတူ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အလေးအနက် ကတိပြုအပ်ပါသည်။ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ကောင်းမွန်ရာဘဝမှာ အေးချမ်းစွာ အနားယူနိုင်ပါစေကြောင်း ဆန္ဒပြုလျက် ဝမ်းနည်းကြောင်းသဝဏ်လွှာအား ထုတ်ပြန်အပ်ပါသည်။

The Committee Representing Pyidaungsu Hluttaw

Scroll to Top