မူလ / ဟိန္ဒူဘာသာဝင်များ၏ မီးထွန်းပွဲတော် ဒီပါဝလီနေ့သို့ပေးပို့သည့် သဝဏ်လွှာ

ဟိန္ဒူဘာသာဝင်များ၏ မီးထွန်းပွဲတော် ဒီပါဝလီနေ့သို့ပေးပို့သည့် သဝဏ်လွှာ

၁။           ယနေ့ကျရောက်သည့် ဟိန္ဒူဘာသာဝင်များ၏ မီးထွန်းပွဲတော် ဒီပါဝလီနေ့ အချိန်အခါ သမယတွင် ပြည်တွင်း၊ ပြည်ပမှ ဟိန္ဒူဘာသာဝင်များအားလုံးနှင့်အတူ တိုင်းရင်းသားညီနောင်များ အားလုံး အမှောင်ကို ခွင်း၍ အလင်းကို ဆောင်နိုင်ပါစေ။ ကျန်းမာ ချမ်းသာကာ ဘေးအန္တရာယ် အပေါင်းမှ ကင်းဝေးကြပါစေ။ အဆိုးအညံ့များ ကွယ်ပျောက်ကာ ကံကောင်းခြင်းများ ရောက်ရှိလာ ပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါသည်။

၂။              အကြမ်းဖက်စစ်အာဏာရှင်များ၏ အာဏာရူးမှုကြောင့် ဒီပါဝလီနေ့ နေ့ထူး နေ့မြတ်တွင် ဟိန္ဒူဘာသာဝင်များအားလုံး မိသားစုများ စုံစုံညီညီဖြင့် မီးထွန်းပွဲတော် မကျင်းပနိုင်သည့်အတွက် လည်း အထူးဝမ်းနည်းရပါကြောင်း ဖော်ပြလိုပါသည်။ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီး တိုင် ကွယ်ပျောက်သွားမှသာ ဘာသာပေါင်းစုံနှင့် လူမျိုးပေါင်းစုံတို့၏ ကိုယ်ပိုင်လွတ်လပ်ခွင့်၊ တန်းတူ ညီမျှခွင့်နှင့် ရိုးရာဓလေ့ထုံးတမ်းများ လွတ်လပ်စွာ ကျင့်သုံး ထိန်းသိမ်းပိုင်ခွင့်တို့ ပြည့်ဝစွာ ပေါ်ပေါက် လာမည်ဖြစ်ပါသည်။ ထို့ကြောင့် စစ်အာဏာရှင်စနစ် ဆိတ်သုဉ်းရေးအတွက် ကြိုးစားဆောင်ရွက် ရာတွင် တိုင်းရင်းသားလူမျိုးပေါင်းစုံ သွေးချင်းများအနေဖြင့် စည်းလုံးညီညွတ်မှုနှင့်အတူ တွဲလက် ညီညီဖြင့် ဆက်လက်ပူးပေါင်း ပါဝင်သွားကြစေလိုကြောင်း အလေးအနက် တိုက်တွန်းလိုပါသည်။

၃။           ယနေ့ နွေဦးတော်လှန်ရေးတွင်လည်း ဟိန္ဒူဘာသာဝင်များသည် ကျရာကဏ္ဍ အသီးသီး တွင် နိုင်ရာတာဝန်များကို ထမ်းဆောင်ရင်း အခက်အခဲများကို ကြံ့ကြံ့ခံကာ တော်လှန်ရေးအင်အားစု များအားလုံးနှင့်အတူ ရှေ့ဆက်ချီတက်နေသည့်အတွက်လည်း လေးစားဂုဏ်ယူရပါသည်။ ယခု အခါတွင် နွေဦးတော်လှန်ရေးသည် ခိုင်မာအားကောင်းစွာဖြင့် အောင်ပွဲများ အလီလီရရှိကာ အရှိန် အဟုန်ပြင်းစွာဖြင့် ရှေ့ဆက်ချီတက်လျက်ရှိပါသည်။ မိမိတို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီအနေဖြင့်လည်း တော်လှန်ရေးအဖွဲ့အစည်းများ၊ တိုင်းရင်းသားပြည်သူများ၊ ဘာသာ ပေါင်းစုံမှ တော်လှန် ပြည်သူများအားလုံးနှင့်အတူ အပြန်အလှန် လေးစားယုံကြည်မှုတို့ကို ပိုမို ခိုင်မာအားကောင်းအောင် တည်ဆောက်၍ တစ်သံတည်းညီ တစ်ချီတည်းရုန်းကာ မဝေးတော့သည့် အောင်ပွဲဆီသို့ ဆက်လက်ချီတက်သွားမည် ဖြစ်ပါသည်။

၄။      မိမိတို့နိုင်ငံ၏ အမှောင်မိုက်ဆုံးအချိန်ကာလဖြစ်သော စစ်အာဏာရှင်စနစ်အောက်သို့ ကျရောက်နေသည့်ကာလများမှ လွတ်မြောက်အောင် ရုန်းထွက်နိုင်ကြကာ အလင်းလက်ဆုံး ဖက်ဒရယ်ဒီမိုကရေစီ အလင်းရောင်ဖြင့် လူသားများအတွက် ကောင်းကျိုးပြုနိုင်သော ဟိန္ဒူ ဘာသာဝင်များအဖြစ် သမိုင်းကောင်းများ ရေးထိုးနိုင်ကြပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သလျက် ဤသဝဏ်လွှာအား ပေးပို့အပ်ပါသည်။

The Committee Representing Pyidaungsu Hluttaw

Scroll to Top