မူလ / (၇၆) နှစ်မြောက် ကရင်နီအမျိုးသားအာဇာနည်နေ့ သဝဏ်လွှာ

(၇၆) နှစ်မြောက် ကရင်နီအမျိုးသားအာဇာနည်နေ့ သဝဏ်လွှာ

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်

၁။ ယနေ့ကျရောက်သည့် (၇၆) နှစ်မြောက် ကရင်နီအမျိုးသားအာဇာနည်နေ့ အချိန်အခါ သမယတွင် ကရင်နီတိုင်းရင်းသားများနှင့်တကွ မြန်မာနိုင်ငံသူ၊ နိုင်ငံသားများအားလုံး အောင်ပွဲ များနှင့်အတူ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်အား အမြန်ဆုံး ပိုင်ဆိုင်နိုင်ကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါသည်။

၂။ ၁၉၄၈ ခုနှစ်၊ စက်တင်ဘာလ (၈) ရက်နေ့တွင် နယ်ချဲ့ဖဆပလ အစိုးရ၏ လုပ်ကြံမှုကြောင့် ကရင်နီအမျိုးသားအစည်းအရုံးဥက္ကဋ္ဌ၊ ခုခံတော်လှန်ရေးခေါင်းဆောင် ဂိုဘီတူရီကျဆုံးခဲ့သောနေ့ အထိမ်းအမှတ်အဖြစ် ကရင်နီအမျိုးသားအာဇာနည်နေ့အား နှစ်စဉ်ကျင်းပပြုလုပ်ခဲ့သည်မှာ ယနေ့တွင် (၇၆) နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပါသည်။ ခေတ်အဆက်ဆက် စစ်အာဏာရှင်စနစ်အား တိုက်ထုတ်ရင်း ကျဆုံးခဲ့ကြရသော ကရင်နီအမျိုးသားခေါင်းဆောင်ကြီးများနှင့် ကရင်နီ အာဇာနည် ရဲဘော်အပေါင်းတို့အား လေးစားစွာ ဦးညွှတ်အလေးပြုအပ်ပါသည်။

၃။ အကြမ်းဖက်စစ်အုပ်စုသည် မြန်မာနိုင်ငံတစ်ဝှမ်းရှိ စစ်ဘေးရှောင်စခန်းများ၊ စာသင် ကျောင်းများ၊ ပြည်သူပိုင်နေအိမ်များနှင့် ဘာသာရေးဆိုင်ရာအဆောက်အဦများအား လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုများလုပ်ဆောင်၍ စစ်ရာဇဝတ်မှုများစွာကို ကျူးလွန်လျက်ရှိနေပါသည်။ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်နေ့တွင် ကရင်နီပြည်နယ်အပါအဝင် အခြားဒေသများတွင် အကြမ်းဖက် စစ်အုပ်စုက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားပြည်သူများကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား၍ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုများကြောင့် အပြစ်မဲ့ပြည်သူများ အသက်ဆုံးရှုံးခဲ့ကြရပြီး ကလေး သူငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များလည်း သေဆုံးမှုတွင် ပါဝင်ကြောင်း သိရှိရသည့်အတွက် လွန်စွာ ဝမ်းနည်းမိပါသည်။

၄။ အကြမ်းဖက်စစ်အုပ်စုအား ရှင်သန်အသက်ဆက်စေသည့် လမ်းကြောင်းများအား ဖြတ်တောက်နိုင်ခြင်းမရှိပါက ယင်းကဲ့သို့ဖြစ်စဉ်များ များစွာ ဖြစ်ပေါ်နေမည်ဖြစ်ပါသည်။ ထို့ကြောင့် အကြမ်းဖက်စစ်အုပ်စု အမြန်ဆုံး အဆုံးသတ်နိုင်ရေး မိမိတို့ တော်လှန်ရေးအင်အားစုများ အချင်းချင်းအကြားတွင် ရှိနေပြီးသော စည်းလုံးညီညွတ်မှုကို ပိုမိုခိုင်မာ အားကောင်းအောင် တည်ဆောက်လျက် ပြည်သူများ၏ဘဝ ဘေးကင်းလုံခြုံမှုရရှိစေမည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအား ဆက်လက်ပူးပေါင်း ကြိုးပမ်း ဆောင်ရွက်ကြစေလိုကြောင်း လေးလေးနက်နက်တိုက်တွန်းလိုပါသည်။

၅။ ကရင်နီတိုင်းရင်းသားများ၊ တော်လှန်ရေးအင်အားစုများနှင့် တိုင်းရင်းသားပြည်သူများ အားလုံးတို့၏ လက်တွဲညီညီ ကြိုးပမ်းဆောင်ရွက်မှုများကြောင့် မြန်မာနိုင်ငံတစ်ဝှမ်းတွင် အောင်ပွဲ များစွာရရှိလျက်ရှိပြီး အကြမ်းဖက်စစ်အုပ်စုမှာ ပြိုကျလုနီးဖြစ်နေပြီ ဖြစ်ပါသည်။ ကရင်နီ တိုင်းရင်းသားများ၏ ကြိုးပမ်း အားထုတ်မှုများကြောင့် ကရင်နီပြည်နယ်သည်လည်း မကြာမီ အချိန်ကာလတွင် အောင်လံတလူလူ လွှင့်ထူနိုင်တော့မည်ကို အကြွင်းမဲ့ ယုံကြည်ပါသည်။ မိမိတို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့်လည်း မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် ကင်းစင်သည်အထိ တော်လှန်ရေးအင်အားစုများအားလုံးနှင့်အတူ ရှေ့ဆက် လက်တွဲပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကတိပြုလျက် ဤသဝဏ်လွှာအား ထုတ်ပြန်အပ်ပါသည်။

The Committee Representing Pyidaungsu Hluttaw

Scroll to Top