၁။ အာဏာရှင်အဆက်ဆက်ကို ခုခံတွန်းလှန်ရင်းဖြင့် လွတ်လပ်မှု၊ တန်းတူညီမျှမှုနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိသည့် ချင်းပြည်ထောင် တည်ထောင်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးတို့အတွက် ချင်းအမျိုးသားတပ်ဦးကို ဖွဲ့စည်း၍ လက်နက်ကိုင် တော်လှန်ရေး စတင်ခဲ့သည်မှာ ယနေ့ (၃၄) နှစ် တိုင်ခဲ့ပြီ ဖြစ်ပါသည်။ ယနေ့ကျရောက်သော ချင်းတော်လှန်ရေးနေ့တွင် ပြည်ထောင်စုချင်းတိုင်းရင်းသားများနှင့်တကွ ပြည်သူများ မျှော်မှန်း တောင့်တနေသော ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်ကို အမြန်ဆုံးတည်ဆောက်နိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်။
၂။ ဘာသာစကားပေါကြွယ်ဝကာ သူ့ကျွန်မခံလိုသည့်စိတ်ဓာတ်၊ နယ်ချဲ့ဆန့်ကျင်ရေး စိတ်ဓာတ်နှင့် အမျိုးသားရေးစိတ်ဓာတ်တို့ ပြည့်ဝသော ချင်းတိုင်းရင်းသားပြည်သူများသည် မိမိတို့၏ နိုင်ငံရေး၊ တော်လှန်ရေး ရည်မှန်းချက်များအတွက် အသက်ပေါင်းများစွာ ပေးဆပ်ခဲ့ကြရပါသည်။ ခေတ်အဆက်ဆက်သော ဒီမိုကရေစီတိုက်ပွဲများအတွင်း ကျဆုံးသွားသော ချင်းတိုင်းရင်းသားသူရဲကောင်းများအား လေးစားစွာ ဦးညွှတ်ကြောင်း ယနေ့တွင် ထပ်မံပြောကြားလိုပါသည်။
၃။ ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၁ ရက်နေ့တွင် အကြမ်းဖက်စစ်အာဏာရှင်များက လက်နက်အားကိုး၍ လူမဆန်သည့် လုပ်ရပ်များဖြင့် နိုင်ငံတော်၏အာဏာကို မတရားသိမ်းယူခဲ့ကြသည့်အတွက် တစ်နိုင်ငံလုံးတွင် စစ်တလင်းပြင် ဖြစ်ခဲ့ရပြီး တော်လှန်ရေးစိတ်ဓာတ် နိုးကြားသော ချင်းပြည်နယ်သည် ထိခိုက်မှုအများဆုံးဖြစ်ခဲ့ပြီး ချင်းတိုင်းရင်းသားတို့သည်လည်း ဥပဒေမဲ့ ဖမ်းဆီးသတ်ဖြတ်ခံနေရခြင်း၊ နေအိမ်နှင့် ပိုင်ဆိုင်မှုတို့ မီးရှို့ဖျက်ဆီးခံနေရခြင်းတို့ကြောင့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရင်း အခက်အခဲများစွာဖြင့် ရင်ဆိုင်ကြုံတွေ့နေရပါသည်။
၄။ ထိုကဲ့သို့သော အခက်အခဲ၊ ဒုက္ခများစွာဖြင့် ရင်ဆိုင်နေကြရသော်လည်း စစ်အာဏာရှင် ဆန့်ကျင်ရေးအတွက် တော်လှန်ရေးတပ်ဦးတွင် ရဲရင့်ပြင်းပြသော စိတ်ဓာတ်၊ ခိုင်မာသော ယုံကြည်ချက်၊ ဖြောင့်မတ်သော ဦးတည်ချက်များဖြင့် နိုင်ငံတစ်ဝှမ်းကသာမက ကမ္ဘာကပါ ယုံကြည်လေးစားစွာ အားပေးထောက်ခံခြင်း ရရှိထားနိုင်သည်အထိ ကြိုးစားလျှောက်လှမ်းနိုင်ခဲ့သည့် နိုင်ငံရေး၊ တော်လှန်ရေးဦးဆောင်သူများနှင့် ချင်းတိုင်းရင်းသားပြည်သူလူထုတို့၏ စည်းလုံးညီညွတ်မှုအား လေးစားစွာ အသိအမှတ်ပြု ဖော်ပြအပ်ပါသည်။
၅။ (၃၄) နှစ်မြောက် ချင်းတော်လှန်ရေးနေ့တွင် ချင်းတိုင်းရင်းသားများနှင့်အတူ ပြည်သူများအားလုံး အတူတကွ လက်တွဲကာ နွေဦးတော်လှန်ရေး၏ အဓိကရည်မှန်းချက်တစ်ခုဖြစ်သော စစ်အာဏာရှင်စနစ် ကျဆုံးရေးကို ကြိုးစားဆောင်ရွက်ကြရမည်ဖြစ်ပြီး တိုင်းရင်းသားပြည်သူ အားလုံးအတွက် လွတ်လပ်မှု၊ တန်းတူညီမျှမှုနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ အာမခံချက်ရှိသည့် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်ကို အမြန်ဆုံးအကောင်အထည်ဖော် တည်ဆောက်ကြပါစို့ဟု အလေးအနက် တိုက်တွန်းရင်း ဤသဝဏ်လွှာအား ပေးပို့အပ်ပါသည်။
The Committee Representing Pyidaungsu Hluttaw