၁။ ယနေ့ကျရောက်သည့် ထူးခြားသော သမိုင်းအစဉ်အလာကို အကြောင်းပြု၍ ကျေးဇူးတရားကို ဖော်ညွှန်းရန် ကျင်းပသည့် နေ့ထူးနေ့မြတ် ပအိုဝ်းအမျိုးသားနေ့ အခါသမယတွင် ညီနောင် ပအိုဝ်းတိုင်းရင်းသားများနှင့်တကွ နိုင်ငံတဝှမ်းမှီတင်းနေထိုင်ကြသော တိုင်းရင်းသား ပြည်သူအပေါင်း ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေး၍ ကိုယ်စိတ်နှစ်ပါး ကျန်းမာရွှင်လန်းပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်။
၂။ လွန်ခဲ့သောနှစ်ပေါင်း (၂၅၀၀) ကျော်က ပအိုဝ်းတိုင်းရင်းသားတို့၏ ဂုဏ်ကို မြှင့်တင်ပေးခဲ့ပြီး တောက်ပသော ခေတ်ကာလအနာဂတ်ကို ဖန်တီးပေးခဲ့သည့် သူရိယစန္ဒာမင်း၏ ကျေးဇူးတရားကို ဖော်ညွှန်းရန် ထိုမင်း၏မွေးနေ့ဖြစ်သည့် တပေါင်းလပြည့်နေ့ကို ပအိုဝ်းအမျိုးသားနေ့အဖြစ် သတ်မှတ်ရန် တောင်းဆိုခဲ့ကြပြီး လွတ်လပ်ရေးရပြီးနောက်ပိုင်း ပအိုဝ်းအမျိုးသားတို့၏ နေ့ထူးနေ့မြတ်အဖြစ် စတင်ကျင်းပလာခဲ့သည်မှာ ယနေ့ (၇၃) နှစ်တိုင်ခဲ့ပြီ ဖြစ်ပါသည်။
၃။ ပအိုဝ်းတိုင်းရင်းသားများသည် ကိုယ်ပိုင်စာပေ၊ ယဉ်ကျေးမှု၊ ရိုးရာဓလေ့များ ပိုင်ဆိုင်ထားပြီး ဘာသာတရားကို အထူးအလေးထားသော လူမျိုးများဖြစ်ပါသည်။ ပအိုဝ်းတိုင်းရင်းသား ခေါင်းဆောင်များသည် လွတ်လပ်ရေးကြိုးပမ်းမှုတွင် စိတ်အားထက်သန်စွာ ပါဝင်ခဲ့ကြပြီး ပင်လုံစာချုပ် လက်မှတ်ရေးထိုးရာတွင် ပအိုဝ်းအမျိုးသားခေါင်းဆောင်၊ သထုံစော်ဘွား ကိုယ်စားလှယ် ဦးဖြူသည် ပအိုဝ်းတိုင်းရင်းသားများ ကိုယ်စား ပါဝင်ရေးထိုးခဲ့ပါသည်။
၄။ အကြမ်းဖက်စစ်အာဏာရှင်တစ်စုသည် မတရားသဖြင့် လက်နက်အားကိုး၍ နိုင်ငံတော်၏ အာဏာကို သိမ်းယူခဲ့ပြီး တိုင်းရင်းသားပြည်သူတို့အား ရည်ရွယ်ချက်ရှိရှိ ဖမ်းဆီးသတ်ဖြတ်လာခဲ့သည်မှာ တစ်နှစ်ကျော်ကာလသို့ ရောက်ရှိလာခဲ့ပြီး နိုင်ငံတဝှမ်းတွင် ဆိုးဝါးသော အခြေအနေများ တွေ့ကြုံခံစားနေကြရပါသည်။ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တွန်းလှန်ရေးတွင် ကျရာတာဝန်များ ထမ်းဆောင်ရင်း တက်ကြွစွာ ပါဝင်အားဖြည့်လျက်ရှိသည့် ပအိုဝ်းတိုင်းရင်းသားတစ်ရပ်လုံး၏ အခန်းကဏ္ဍကို လေးစားဂုဏ်ယူစွာ တန်ဖိုးထားပါကြောင်း ဖော်ပြအပ်ပါသည်။
၅။ နှစ်ပေါင်းများစွာကြာ တိုင်းပြည်အား လက်နက်အားကိုးဖြင့် အုပ်ချုပ်ခဲ့သည့် စစ်အာဏာရှင်များကြောင့် တိုင်းပြည်သည် အဖက်ဖက်မှ ယိုးယွင်းပျက်စီးခဲ့ရပြီး တိုင်းရင်းသားပြည်သူတို့သည်လည်း စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး စသည်တို့တွင် ဆင်းရဲကြီးစွာ ခံစားခဲ့ရပါသည်။ ယနေ့အချိန်သည် စစ်အာဏာရှင်များအား အပြီးတိုင် တိုက်ထုတ်ပြီး တိုင်းရင်းသားပြည်သူများအတွက် တန်းတူညီမျှခြင်းနှင့် ဟန်ချက်ညီသော လူမှုအသိုက်အဝန်းအတွက် အာမခံချက်ရှိသော အနာဂတ်ဖက်ဒရယ်ပြည်ထောင်စု တည်ဆောင်နိုင်ရေး အတူတကွ လက်တွဲညီစွာ ကြိုးပမ်း ဆောင်ရွက်သွားရန် အချိန်အခါကောင်းပင် ဖြစ်ပါသည်။
၆။ ယနေ့ကျရောက်သည့် (၇၃) နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့ ဦးတည်ချက်များမှတဆင့် ပအိုဝ်းတိုင်းရင်းသားများနှင့်အတူ တိုင်းရင်းသားပြည်သူများအားလုံးက အတူတကွ လက်တွဲကာ စစ်အာဏာရှင်စနစ် ကျဆုံးရေးနှင့် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်ရေးအတွက် တူညီသော ရည်ရွယ်ချက်များဖြင့် ဘုံပန်းတိုင်ဆီသို့ ကြိုးစားချီတက် ရှေ့ဆက်ကြပါစို့ဟု တိုက်တွန်းရင်း ဤသဝဏ်လွှာအား ပေးပို့အပ်ပါသည်။
The Committee Representing Pyidaungsu Hluttaw