ပြည်သူ့ရေးရာကော်မတီအနေဖြင့် တိုင်းဒေသကြီး /ပြည်နယ်များမှ လွှတ်တော်ကိုယ်စားလှယ်များ၊ CDM အရေး ဦးဆောင်သူများနှင့် အချိတ်အဆက်မိမိလုပ်ငန်းဆောင်ရွက်နိုင်ရန်နှင့် Ahlu Shin Application အား အများပြည်သူ များအကြား ကျယ်ပြန့်စွာအသုံးပြုနိုင်ရေး မိတ်ဆက်ရန်အတွက် မကွေးတိုင်းဒေသကြီးမှ လွှတ်တော်ကိုယ်စားလှယ် များ၊ CDM အရေးဦးဆောင်သူများနှင့် ၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၀ ရက်နေ့၊ နေ့လယ် ၁ နာရီအချိန်၌ တွေဆုံခဲ့၍ စစ်ကိုင်းတိုင်း ဒေသကြီးနှင့်တွေ့ဆုံဆွေးနွေးပွဲကို ၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၁ ရက်နေ့၊ နေ့လယ် ၂ နာရီအချိန်၌ ဗီဒီယိုကွန့်ဖရင့်မှတဆင့် ကျင်းပပြုလုပ်ခဲ့သည်။
တွေ့ဆုံဆွေးနွေးပွဲ၌ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ အတွင်းရေးမှူးအဖွဲ့ဝင် ဒေါ်ဖြူဖြူသင်းနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးတို့မှအဖွင့် နှုတ်ခွန်းဆက်စကားပြောကြား၍ ပြည်သူ့ရေးရာကော်မတီ အတွင်းရေးမှူး ဒေါ်အိအိပြုံးက ကော်မတီအနေဖြင့် တိုင်းဒေသကြီး/ပြည်နယ်များမှ လွှတ်တော်ကိုယ်စားလှယ်များ၊ CDM အရေးဦးဆောင်သူများနှင့် တွေ့ဆုံရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြား ခဲ့ပါသည်။
တွေ့ဆုံဆွေးနွေးရာတွင် ကြားကာလပညာရေးမူဝါဒများ၊ ဖက်ဒရယ်ကျောင်းဖော်ဆောင်နေမှုများ၊ HBL နှင့် Online, On ground ပညာသင်ကြားမှုနည်းစနစ်များ၊ CRPH ပြည်သူ့ရေးရာကော်မတီနှင့် ဝန်ကြီးဌာနများအကြား လက်တွဲဖော်ဆောင် နေမှုများ၊ ပြည်သူ့ရေးရာကော်မတီမှ CDM များသို့ အရေးပေါ်ကူညီပံ့ပိုးနေမှုများ၊ Ahlu Shin Application အသုံးပြုပုံ နည်းစနစ်များ၊ CDM ပြည်သူ့ဝန်ထမ်းများအနေဖြင့်လည်း Application အား ဝိုင်းဝန်းပံ့ပိုးပေးကြပါရန်နှင့် တက်ရောက် လာသူ လွှတ်တော်ကိုယ်စားလှယ်များ၊ CDM ဝန်ထမ်းများ၏ တင်ပြချက်များအား ပြန်လည်ဆွေးနွေးအားပေး၍ အတူ လက်တွဲ ညှိနှိုင်းဆောင်ရွက်သွားရမည့် အချက်များအပေါ် ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ အတွင်းရေးမှူးအဖွဲ့ဝင် ဒေါ်ဖြူဖြူသင်း၊ အမျိုးသား ညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးများဖြစ်သည့် ဦးစိုင်းခိုင်မျိုးထွန်း၊ ဒေါ်ဂျာထွယ်ပန်၊ ပြည်သူ့ ရေးရာကော်မတီ အတွင်းရေးမှူး ဒေါ်အိအိပြုံး၊ ပြည်သူ့ရေးရာကော်မတီဝင်များ၊ မကွေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့မှ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင်များ၊ မြို့နယ် ပညာရေးဘုတ်အဖွဲ့များ၊ CDM အရေးဦးဆောင်သူများနှင့် CDM သူရဲကောင်းများ တက်ရောက်ဆွေနွေးခဲ့ကြပါသည်။
The Committee Representing Pyidaungsu Hluttaw
