မူလ / နယူးဇီလန်လွှတ်တော်အမတ် Hon. Ms. Vanushi Walters နှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီတို့ တွေ့ဆုံဆွေးနွေး

နယူးဇီလန်လွှတ်တော်အမတ် Hon. Ms. Vanushi Walters နှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီတို့ တွေ့ဆုံဆွေးနွေး

နယူးဇီလန်လွှတ်တော်အမတ် Hon. Ms. Vanushi Walters နှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီတို့သည် ယမန်နေ့ နံနက် ၀၈၃၀ နာရီအချိန်တွင် ဗီဒီယိုကွန့်ဖရင့်မှတစ်ဆင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

တွေ့ဆုံဆွေးနွေးပွဲတွင် စစ်ကောင်စီအပေါ် သံတမန်ရေး၊ စီးပွားရေးဆိုင်ရာ အရေးယူဒဏ်ခတ်ပိတ်ဆို့မှုများ တိုးမြှင့်ချမှတ်ပေး‌ရေး၊ မြန်မာ့ဒီမိုကရေစီအရေး ကြိုးပမ်းမှုအပေါ် တိုက်ရိုက်ပံ့ပိုးကူညီမှုများ ပေးအပ်ရေးနှင့် နေရပ်စွန့်ခွာတိမ်းရှောင်နေရသည့် နယ်စပ်ရှိ မြန်မာပြည်သူများအား နိုင်ငံရေးခိုလှုံခွင့်ပေးအပ်ရေး အပါအဝင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများ ပေးအပ်နိုင်ရေး နယူးဇီလန်အစိုးရအား တိုက်တွန်းပေးရန် CRPH လွှတ်တော်ကိုယ်စားလှယ်များက တောင်းဆိုဆွေးနွေးခဲ့သည်။ နယူးဇီလန်အမတ်မှ CRPH နှင့် လွှတ်တော်ကိုယ်စားလှယ်များအား အကူအညီပေးအပ်နိုင်ရေးအပါအဝင် အစိုးရအား ဆောင်ရွက်ရန်တိုက်တွန်းချက်များအပေါ် ပြန်လည်ဆွေးနွေးခဲ့သည်။ ထို့ပြင် ဆက်လက်ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်သွားနိုင်ရန် တွေ့ဆုံချိတ်ဆက်မှုများအား စဉ်ဆက်မပြတ် ပြုလုပ်သွားရန် သဘောတူညီခဲ့ကြသည်။

တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ အတွင်းရေးမှူး မိုင်းလမင်းထွန်း၊ (၁၄၆) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များညီလာခံသို့ တက်ရောက်ခဲ့သည့် မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်မြတ်သီတာထွန်း၊ အတွင်းရေးမှူး ဦးတင်ကိုကိုဦးနှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

နယူးဇီလန်လွှတ်တော်အမတ် Hon. Ms. Vanushi Walters သည် ၂၀၂၃ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ ဘာရိန်းနိုင်ငံ၌ ကျင်းပခဲ့သည့် (၁၄၆) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များညီလာခံ၌ မိန့်ခွန်းပြောကြားရာတွင် စစ်တပ်မှ အရပ်သားအစိုးရအား ဖယ်ရှားခဲ့မှုအပေါ် ကမ္ဘာကြီးက မေ့ပျောက်မထားရန် ထည့်သွင်းပြောကြားခဲ့သည်။

The Committee Representing Pyidaungsu Hluttaw

Scroll to Top