မူလ / အကြမ်းဖက်စစ်အုပ်စုက တရားမဝင် အလုပ်သမားအဖွဲ့အစည်းများ ဖွဲ့စည်းရန် ကြိုးပမ်းနေမှုများအပေါ် တုံ့ပြန်ဆောင်ရွက်မည့် လုပ်ငန်းစဥ်များအား ညှိနှိုင်းဆွေးနွေး

အကြမ်းဖက်စစ်အုပ်စုက တရားမဝင် အလုပ်သမားအဖွဲ့အစည်းများ ဖွဲ့စည်းရန် ကြိုးပမ်းနေမှုများအပေါ် တုံ့ပြန်ဆောင်ရွက်မည့် လုပ်ငန်းစဥ်များအား ညှိနှိုင်းဆွေးနွေး

အကြမ်းဖက်စစ်အုပ်စု၏ အလုပ်သမားအဖွဲ့အစည်းများ တရားမဝင်ဖွဲ့စည်းဆောင်ရွက်ရန် ကြိုးပမ်းနေမှုများနှင့်စပ်လျဉ်း၍ ဆောင်ရွက်သွားမည့် လုပ်ငန်းစဥ်များနှင့် ပြည်တွင်းပြည်ပရှိ မြန်မာနိုင်ငံသား အလုပ်သမားများအတွက် ဆောင်ရွက်ပေးနိုင်မည့် လုပ်ငန်းအစီအစဥ်များအတွက် ပူးပေါင်းလုပ်ဆောင်နိုင်ရန် CRPH အလုပ်သမားရေးရာကော်မတီနှင့် NUG အလုပ်သမားဝန်ကြီးဌာနတို့ ၂-၅-၂၀၂၃ ရက်နေ့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

အစည်းအဝေးတွင် အလုပ်သမားရေးရာကော်မတီ ဥက္ကဋ္ဌ ဦးဥက္ကာမင်းက အဖွင့်အမှာစကား ပြောကြားကာ ပြည်ထောင်စုဝန်ကြီး ဦးနိုင်သုဝဏ္ဏက နှုတ်ခွန်းဆက်စကားပြောကြားရာ၌ စစ်အာဏာရှင်ကို တိုက်ခိုက်သည့်နေရာတွင် ဇွဲသတ္တိရှိရှိဖြင့် စုပေါင်းကာ အတူတကွ ဆက်လက်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ မိမိတို့ အလုပ်သမားများအတွက် အရိုးကျေကျေ အရည်ခမ်းခမ်း စွမ်းနိုင်သမျှ အားထုတ်ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ အာဏာရှင်အား အမြစ်ဖြတ် ချေမှုန်းနိုင်ရေးအတွက် အားလုံးညီညီညွတ်ညွတ်ဖြင့် တိုင်တိုင်ပင်ပင် ညှိနှိုင်းဆွေးနွေးသွားကြရမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

၎င်းနောက် ဝန်ကြီးဌာနဘက်မှ တာဝန်ရှိသူများက အကြမ်းဖက်စစ်အုပ်စုက အလုပ်သမားအဖွဲ့အစည်းများ တရားမဝင်ဖွဲ့စည်းဆောင်ရွက်ရန် ကြိုးပမ်းနေမှုများအပေါ် တုံ့ပြန်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဥ်များ၊ ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဥ်များအား ရှင်းလင်းဆွေးနွေး၍ ပြည်တွင်းအလုပ်သမားများနှင့် ပြည်ပရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ အခွင့်အရေးချိုးဖောက်ခံရမှုများအတွက် အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ (ILO) နှင့် တွေ့ဆုံဆွေးနွေးရာတွင် လိုအပ်မည့် အကြောင်းအရာများ၊ လုပ်ငန်းစဥ်များနှင့် နှစ်ဖက်ပူးပေါင်းဆောင်ရွက်ရန်ရှိသည့် အစီအစဥ်များအား အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

အစည်းအဝေးသို့ အလုပ်သမားရေးရာကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ အလုပ်သမားဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

The Committee Representing Pyidaungsu Hluttaw

Scroll to Top