မူလ / နိုင်ငံရေးကဏ္ဍနှင့် အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေးတို့တွင် အမျိုးသမီးနှင့် လူငယ်များ၏ ပါဝင်မှုအခန်းကဏ္ဍအား မြှင့်တင်ရေးနှင့်စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေး

နိုင်ငံရေးကဏ္ဍနှင့် အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေးတို့တွင် အမျိုးသမီးနှင့် လူငယ်များ၏ ပါဝင်မှုအခန်းကဏ္ဍအား မြှင့်တင်ရေးနှင့်စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေး

အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာကော်မတီသည် မြန်မာအမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်များကွန်ရက် (MWPN) နှင့် တွေ့ဆုံ၍ နိုင်ငံရေးကဏ္ဍနှင့် အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတည်ဆောက်ရေးတို့တွင် အမျိုးသမီးနှင့် လူငယ်တို့၏ ပါဝင်မှု အခန်းကဏ္ဍအား မြှင့်တင်ရေးနှင့်စပ်လျဉ်း၍ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်နိုင်မည့် လုပ်ငန်းစဉ်များကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၃ ရက်နေ့တွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

အစည်းအဝေးတွင် ကော်မတီအနေဖြင့် အကူအညီလိုအပ်နေသည့် စစ်ဘေးရှောင်အမျိုးသမီး၊ လူငယ်များနှင့် ကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင်နှင့်နို့တိုက်မိခင်များ၊ နိုင်ငံရေးအကျဉ်းသားများအား အမျိုးသားညီညွတ်ရေးအစိုးရ၏ ဝန်ကြီးဌာနများ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ ရေးရာကော်မတီများ၊ ပြင်ပအဖွဲ့အစည်းများ၊ ပြည်တွင်းပြည်ပ အလှူရှင်များနှင့် ချိတ်ဆက်၍ လူသားချင်းစာနာမှု အကူအညီပေးအပ်နေမှုများ၊  သက်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ မူဝါဒများအပေါ် သုံးသပ်ဆွေးနွေးနေမှုများနှင့် ရှေ့လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြခဲ့ပြီး မြန်မာအမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်များကွန်ရက်က ၎င်းတို့၏ ဆောင်ရွက်ပြီးစီးခဲ့သည့် လုပ်ငန်းစဉ် ၇ ရပ်နှင့် ရှေ့ဆက်ဆောင်ရွက်ရန် ချမှတ်ထားသည့် လုပ်ငန်းစဉ် ၄ ရပ်တို့အား ရှင်းလင်းတင်ပြခဲ့ပါသည်။

ထို့နောက် အစည်းအဝေးတက်ရောက်လာသူများက အမျိုးသမီးနှင့် လူငယ်များအတွက် ဖက်ဒရယ်အသိပညာပေးရေးဆိုင်ရာသင်တန်းများ၊ ဆွေးနွေးပွဲများ ဖွင့်လှစ်နိုင်ရေးနှင့် ရှေ့ဆက်ပူးပေါင်းဆောင်ရွက်လိုသည့် လုပ်ငန်းစဉ်များအား  အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

အစည်းအဝေးသို့ အမျိုးသမီး၊ လူငယ်နှင့်ကလေးသူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ မြန်မာအမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်များကွန်ရက်မှ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

The Committee Representing Pyidaungsu Hluttaw

Scroll to Top