မူလ / စစ်ဘေးရှောင် ပြည်သူများအား ထိရောက်စွာ ကူညီထောက်ပံ့နိုင်ရေးအတွက် တွေ့ဆုံဆွေးနွေး

စစ်ဘေးရှောင် ပြည်သူများအား ထိရောက်စွာ ကူညီထောက်ပံ့နိုင်ရေးအတွက် တွေ့ဆုံဆွေးနွေး

အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာကော်မတီသည် အကြမ်းဖက်စစ်ကောင်စီ၏ အရပ်သားပစ်မှတ်ထား တိုက်ခိုက်နေမှုများကြောင့် နေ့စဉ်နှင့်အမျှ များပြားလာသည့် စစ်ဘေးရှောင်ပြည်သူများအား ထိရောက်သော ကူညီထောက်ပံ့မှုများ ပေးအပ်နိုင်ရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနနှင့်တွေ့ဆုံ၍ ရှေ့ဆက်ချိတ်ဆက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များအား ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ဆွေးနွေးခဲ့သည်။

အစည်းအဝေးတွင် ဝန်ကြီးဌာနက (One Year Plan) အရ အရံရိက္ခာ သိုလှောင်ထားရှိမှုများ၊ စာသင်ကျောင်းနှင့် စစ်ဘေးရှောင်စခန်းများတွင် လေကြောင်းရန်နှင့် လက်နက်ကြီးအန္တရာယ် ကာကွယ်နိုင်ရန် ဗုံးခိုကျင်းများတူးဖော်ထားရှိမှု၊ မီးရှို့ဖျက်ဆီးခံရသည့် နေအိမ်များအား ယာယီတဲ ပြန်လည်တည်ဆောက်ပေးခြင်းများ၊ မိုခါမုန်တိုင်းအတွက် အရေးပေါ်တုံ့ပြန်ရေးနှင့် အရေးပေါ် ပြန်လည်ထူထောင်ရေး လုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေများ၊ အရပ်သားထိခိုက်မှု လျှော့ချရေးနှင့် ဘေးအန္တရာယ် အရေးပေါ်တုံ့ပြန်ရေး သင်တန်းများ ဖွင့်လှစ်ပို့ချနေမှုများ၊ ဘေးအန္တရာယ် အသိပညာပေးရေး အစီအစဉ်အတွက် ဆောင်ရွက်နေမှုများကို တင်ပြ ရှင်းလင်းခဲ့သည်။

ဝန်ကြီးဌာန၏ ရှင်းလင်းတင်ပြမှုများအပေါ်တွင် ကော်မတီဝင်များက စစ်ဘေးရှောင် ပြည်သူများထဲတွင် ယခုအချိန်ထိ တစ်ကြိမ်မျှ ထောက်ပံ့မှုမရရှိသေးသော ပြည်သူများ၊ CDM ဝန်ထမ်းများအား ကူညီထောက်ပံ့မှုများ ပေးအပ်နိုင်ရေး၊ စစ်ရှောင်စခန်းများတွင် အရေးပေါ်လိုအပ်နေသည့် ဆေးဝါးနှင့်စားနပ်ရိက္ခာများ ပံ့ပိုးပေးနိုင်ရေး၊ မီးရှို့ဖျက်ဆီးခံရသည့် နေအိမ်များအတွက် လိုအပ်သည့် ကူညီထောက်ပံ့မှုများ ဆက်လက်ပေးအပ်နိုင်ရေးတို့နှင့် စပ်လျဉ်း၍ အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

အစည်းအဝေးသို့ အမျိုးသမီး၊ လူငယ်နှင့်ကလေးသူငယ်ရေးရာကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

The Committee Representing Pyidaungsu Hluttaw

Scroll to Top