၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာကော်မတီသည် အမျိုးသားညီညွတ်ရေးအစိုးရ၊ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနနှင့် တွေ့ဆုံဆွေးနွေးပွဲကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက် နေ့၊ နံနက် ၉ နာရီတွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ပြုလုပ်ခဲ့သည်။
အစည်းအဝေး၌ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ အတွင်းရေးမှူး ဒေါ်ဖြူဖြူသင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်က နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ကာ CRPH လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးနေမျိုးက တွေ့ဆုံရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ လုံခြုံရေးနှင့်ကာကွယ်ရေးဆိုင်ရာကော်မတီ အဖွဲ့ဝင်များက လုံခြုံရေးနှင့်ကာကွယ်ရေးကဏ္ဍ လုပ်ငန်းစဉ်များတွင် လိုအပ်လျက်ရှိသော နည်းပညာများနှင့်စပ်လျဉ်း၍ သိရှိလိုသည်များ၊ ဆောင်ရွက်ပေးစေလိုသည့် ကိစ္စရပ်များအား ဆွေးနွေးမေးမြန်းခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက ပြန်လည် ရှင်းလင်းဆွေးနွေးဖြေကြားပေးခဲ့သည်။ ထို့နောက် တက်ရောက်လာသူများအနေဖြင့် တော်လှန်ရေး အောင်မြင်စေရန် ပိုမို ပူးပေါင်းဆောင်ရွက်သွားသင့်သည့်လုပ်ငန်းစဉ်များနှင့် ဆက်လက် ချိတ်ဆက်ဆောင်ရွက်သွားနိုင်မည့် ကိစ္စရပ်များအား အပြန်အလှန် ဆွေးနွေးခဲ့ကြကာ အစည်းအဝေးအား နေ့လယ် ၁၂ နာရီခန့်တွင် ရုပ်သိမ်းခဲ့သည်။
အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ အတွင်းရေးမှူးအဖွဲ့ဝင်များ၊ လုံခြုံရေးနှင့်ကာကွယ်ရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
The Committee Representing Pyidaungsu Hluttaw






