မူလ / ဒေသအလိုက်ချိတ်ဆက်မှုများ ပိုမိုအားကောင်းနိုင်စေရေး ပြည်သူ့ရေးရာကော်မတီ၊ CDM Success Committee နှင့် ကရင်ပြည်နယ်မှ CDMer များ တွေ့ဆုံဆွေးနွေး

ဒေသအလိုက်ချိတ်ဆက်မှုများ ပိုမိုအားကောင်းနိုင်စေရေး ပြည်သူ့ရေးရာကော်မတီ၊ CDM Success Committee နှင့် ကရင်ပြည်နယ်မှ CDMer များ တွေ့ဆုံဆွေးနွေး

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ ပြည်သူ့ရေးရာကော်မတီနှင့် CDM Success Committee တို့သည် ကရင်ပြည်နယ်မှ CDMer များ၊ CDM အရေး ဦးဆောင်သူများနှင့် ဒေသအလိုက် မြေပြင်ချိတ်ဆက်ဆောင်ရွက်နိုင်မှုများ ပိုမိုပြုလုပ်နိုင်ရန် တွေ့ဆုံဆွေးနွေးမှုတစ်ရပ်အား  ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၅ ရက် (အင်္ဂါနေ့)၊ ၁၃၃၀ နာရီအချိန်တွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ပြုလုပ်ခဲ့သည်။

တွေ့ဆုံပွဲတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ အတွင်းရေးမှူး ဒေါ်ဖြူဖြူသင်းက “ယနေ့ တော်လှန်ရေးကာလ ၂ နှစ်ကျော်အထိ အားမလျော့ဘဲ CDM လှုပ်ရှားမှုတွင် ဆက်လက် ပါဝင်ကာ တောင့်ခံနေကြသည့် CDMer များအား အထူးကျေးဇူးတင်ရှိပါကြောင်း၊ စစ်အာဏာရှင် အမြစ်ဖြတ်ရန် ဆက်လက်ဝိုင်းဝန်းကြိုးပမ်းကြရမည်ဖြစ်ပြီး CRPH အနေဖြင့်လည်း ဘက်ပေါင်းစုံမှ အစွမ်းကုန်ကြိုးစားနေကာ အတတ်နိုင်ဆုံး တာဝန်ကျေအောင် ကြိုးစားလျက်ရှိပါကြောင်း၊ လိုအပ်ချက်များရှိသော်လည်း အားလုံးက အချင်းချင်းအားပေး၍ လက်တွဲညီညီ ချိတ်ဆက် သွားကြရမည်ဖြစ်ကြောင်းနှင့် ဖက်ဒရယ်ဒီမိုကရေစီစနစ်သို့ သွားရန် CDMer များ၏ အားအင်သည် အများကြီးလိုအပ်ပါကြောင်း”  ပြောကြားခဲ့ပြီး  ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး က “ယခုချိန်တွင် နေရာအတော်များများသည် ထိန်းချုပ်နယ်မြေများဖြစ်လာ၍ ယန္တရားများ ကိုယ်ပိုင်လည်ပတ်နေကြပြီး CDM များဖြင့် အကောင်အထည်ဖော်နေကြပြီဖြစ်ရာ Federal Principle များနှင့်အညီ ကိုယ်ပိုင်စီမံပြဋ္ဌာန်းပိုင်ခွင့်ဥပဒေ၊ စီမံအုပ်ချုပ်မှုများသည် မြေပြင်နှင့် အနီးဆုံးဖြစ်ရမည်ဖြစ်ကြောင်းနှင့် ၎င်းတို့ကို ဦးစားပေးဖော်ဆောင်ရမည်ဖြစ်ကြောင်း၊ ယန္တရားများကို အဓိကလည်ပတ်မည့် CDMer များသည် ဖက်ဒရယ်ဆိုင်ရာမူများကို အသေအချာ လေ့လာထားရမည့်အပြင် လိုက်နာကျင့်သုံးဖို့ လိုအပ်ကြောင်း” ပြောကြားခဲ့သည်။

ဆက်လက်၍  ပြည်သူ့ရေးရာကော်မတီ၊ ဥက္ကဋ္ဌ ဒေါက်တာခင်စိုးစိုးကြည်က ယနေ့တွေ့ဆုံမှုသည် မိမိတို့ကော်မတီနှင့် CDM Success Committee တို့၏ လုပ်ငန်းဆောင်ရွက်ချက်များကို CDM သူရဲကောင်းများအနေဖြင့် ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန်ဖြစ်ကြောင်းနှင့် ပြည်သူ့ရေးရာကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများနှင့် CDM ထောက်ပံ့နေမှုများအား ရှင်းလင်း ပြောကြားခဲ့သည်။ ထို့နောက် CDM Success Committee မှ တွဲဖက်အတွင်းရေးမှူး ဒေါက်တာဥက္ကာက CDM Success Committee ၏ ဖွဲ့စည်းထားရှိမှု၊ ရည်ရွယ်ချက်၊ စိန်ခေါ်မှု၊ အားနည်းချက် အားသာချက်နှင့် လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြခဲ့ပြီး သက်ဆိုင်ရာ တာဝန်ရှိသူများက Taskforce များ၏ ဆောင်ရွက်ချက်များအား တက်ရောက်လာသူများသို့ ရှင်းလင်းတင်ပြရာ လိုအပ်သော ချိတ်ဆက်မှုများ ပိုမိုအားကောင်းလာစေရန်နှင့် ထိရောက်သော ကူညီပံ့ပိုးမှုများလည်း ရရှိနိုင်ရန် ပြန်လည်ဆွေးနွေးမေးမြန်းကာ တွေ့ဆုံမှုအား ၁၆၄၀ နာရီအချိန်တွင် ရပ်နားခဲ့သည်။

တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ အတွင်းရေးမှူးအဖွဲ့ဝင် ဒေါ်ဖြူဖြူသင်း၊ ပညာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဇော်ဝေစိုးနှင့် CDM Success Committee မှ တာဝန်ရှိသူများ၊ ပြည်သူ့ရေးရာကော်မတီ ဥက္ကဋ္ဌ ဒေါက်တာခင်စိုးစိုးကြည်နှင့်အဖွဲ့ဝင်များ၊ ကရင်ပြည်နယ်မှ CDM အရေး ဦးဆောင်သူ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များနှင့် CDMer များ တက်ရောက်ခဲ့ကြသည်။

The Committee Representing Pyidaungsu Hluttaw

Scroll to Top