မူလ / နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေမည့် လုပ်ငန်းအစီအစဉ်များအား အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေး

နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေမည့် လုပ်ငန်းအစီအစဉ်များအား အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေး

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ အလုပ်သမားရေးရာကော်မတီသည် နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေနိုင်မည့် လုပ်ငန်းအစီအစဉ်များအား အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးနှင့် နိုင်ငံတကာအကူအညီများ ရရှိနိုင်ရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ၂၀၂၃ ခုနှစ်၊ ဇွန်လ (၂၀) ရက်နေ့တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။

ဆွေးနွေးပွဲတွင် အလုပ်သမားရေးရာကော်မတီ အတွင်းရေးမှူး ဒေါက်တာခင်မကြီးက တွေ့ဆုံ ဆွေးနွေးရခြင်းရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီးနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာခင်မမမျိုးက တွေ့ဆုံဆွေးနွေးရန် ဖိတ်ကြားမှုအတွက် ကျေးဇူးတင်ရှိကြောင်း၊ ယခုလို ပုံမှန်တွေ့ဆုံဆွေးနွေးမှုမှတစ်ဆင့် လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည့်လမ်းစများ တွေ့လာနိုင်မည် ဖြစ်ကြောင်း၊ ရှေ့ဆက် ပူးပေါင်းဆောင်ရွက်သွားနိုင်မည့်ကဏ္ဍများ ရှိလာမည်ဟုလည်း ယုံကြည်ပါကြောင်း နှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာသူများက CDM များ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများနှင့် စစ်ဘေးရှောင်ပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနိုင်ရေး အစီအစဥ်များ၊ နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေနိုင်မည့် လုပ်ငန်းအစီအစဥ်များအား အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်၊ နိုင်ငံတကာအကူအညီများ ရရှိနိုင်ရန်နှင့် ချိတ်ဆက်လုပ်ဆောင်သွားနိုင်မည့် fund raising ဆိုင်ရာကိစ္စရပ်များအပေါ်  အပြန်အလှန် ညှိနှိုင်းဆွေးနွေး၍ ရှေ့ဆက်လုပ်ငန်းစဥ်များနှင့်စပ်လျဥ်းသည့် သဘောတူညီမှုများ ချမှတ်နိုင်ခဲ့ကြသည်။

အစည်းအဝေးသို့ အလုပ်သမားရေးရာကော်မတီ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများ ပါဝင်တက်ရောက်ခဲ့ကြသည်။

The Committee Representing Pyidaungsu Hluttaw

Scroll to Top