ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသို့ အကူအညီပေးရေး အစီအစဉ်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် နိုင်ငံတကာပါလီမန်များအဖွဲ့ (Inter-Parliamentary Union – IPU) တို့ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၇ ရက်နေ့၊ မြန်မာစံတော်ချိန် ည ၆၃၀ နာရီအချိန်တွင် ဗီဒီယိုကွန့်ဖရင့်မှတဆင့် ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးခဲ့သည်။
နိုင်ငံတကာပါလီမန်များအဖွဲ့ (Inter-Parliamentary Union – IPU) မှ ပံ့ပိုးမည့် အကူအညီပေးရေး စီမံကိန်းအရ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ လုပ်ငန်းများ ပိုမိုအောင်မြင်စေရန် ကော်မတီများ၏ လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် ပြင်ပဆက်ဆံရေးနှင့် နိုင်ငံကာပါလီမန်များ၊ အဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်မှု အားကောင်းလာစေရေး၊ နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး အဆင့်မြှင့်တင်ရေးတို့အပေါ် ဆွေးနွေးခဲ့ကြသည်။
မြန်မာလွှတ်တော်ဖွံ့ဖြိုးရေးစီမံကိန်းအရ CRPH အဖွဲ့ဝင်များ၊ ရေးရာကော်မတီများ၊ ကော်မတီရုံးအဖွဲ့တို့အတွက် ဆက်သွယ်ဆက်ဆံရေးနှင့် နည်းပညာ စွမ်းရည်တို့ တိုးတက်လာစေရန် သတင်းအချက်အလက်မျှဝေခြင်းနှင့် သင်တန်းပေးခြင်းတို့ ဆောင်ရွက်သွားမည် ဖြစ်သည်။
အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်၊ အတွင်းရေးမှူး မိုင်းလမင်းထွန်း၊ အဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးဝင်းနိုင်၊ ဦးနေမျိုး၊ ဦးမျိုးနိုင်၊ ဦးလမာနော်အောင်၊ ဦးရောဘတ်ညေးရယ်၊ ဦးဥက္ကာမင်း၊ သတင်းနှင့် ပြန်ကြားရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာဝေဖြိုးအောင်၊ အတွင်းရေးမှူး ဦးစည်သူမောင်နှင့် အဖွဲ့ဝင်များ၊ နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်မြတ်သီတာထွန်း၊ အတွင်းရေးမှူး ဦးတင်ကိုကိုဦးနှင့် ကော်မတီဝင်များ တက်ရောက်ခဲ့ပြီး နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) မှ Technical cooperation Programme ၏ မန်နေဂျာ Ms. Norah Babic၊ ကျွမ်းကျင်သူ Mr. Alex Read၊ Mr. Avinash Bikha၊ မြန်မာလွှတ်တော်ဖွံ့ဖြိုးရေး မိတ်ဖက်များနှင့် ကျွမ်းကျင်သူတို့ တက်ရောက်ခဲ့ကြသည်။
The Committee Representing Pyidaungsu Hluttaw



