ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသို့ အကူအညီပေးရေး အစီအစဉ်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် နိုင်ငံတကာပါလီမန်များအဖွဲ့ (Inter-Parliamentary Union – IPU) တို့ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်နေ့၊ မြန်မာစံတော်ချိန် ည ၇၃၀ မိနစ်တွင် ဗီဒီယိုကွန့်ဖရင့်မှတဆင့် ပထမအကြိမ် တွေ့ဆုံဆွေးနွေးခဲ့သည်။
နိုင်ငံတကာပါလီမန်များအဖွဲ့ (Inter-Parliamentary Union - IPU) မှ ပံ့ပိုးမည့် အကူအညီပေးရေး အစဉ်အရ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် လုပ်ငန်းများ၊ ကော်မတီများ၏ လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံတကာဆက်ဆံရေးနှင့် နိုင်ငံကာပါလီမန်များ၊ အဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်မှုဆိုင်ရာ ပိုမိုထိရောက်စေမည့် CRPH အဖွဲ့ဝင်များ၊ ကော်မတီဝင်များနှင့် ဝန်ထမ်းများအတွက် ဆက်သွယ်ဆက်ဆံရေးဆိုင်ရာ စွမ်းရည်နှင့် အရည်အသွေးဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍ၊ ဝက်ဆိုက်အဆင့်မြင့်တင်ရေး၊ ဆိုက်ဘာလုံခြုံရေးဆိုင်ရာ အသိပညာပေးခြင်း အပါအဝင် သတင်းအချက်အလက်နှင့် နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍတို့ကို ဆွေးနွေးသဘောတူညီခဲ့သည်။ ထို့ပြင် အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပမည့် (၁၄၄) ကြိမ်မြောက် IPU အထွေထွေညီလာခံနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်ရေးနှင့် စပ်လျဉ်း၍လည်း ဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီမှ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်၊ သတင်းနှင့် ပြန်ကြားရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာဝေဖြိုးအောင်၊ နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်မြတ်သီတာထွန်းနှင့် ကော်မတီဝင်များ တက်ရောက်ခဲ့ပြီး နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) မှ Technical cooperation Programme ၏ မန်နေဂျာ Ms. Norah Babic ၊ ကျွမ်းကျင်သူ Mr. Alex Read တို့ တက်ရောက်ခဲ့ကြသည်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

