၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၂ ရက်နေ့၊ ၁၀၀၀ နာရီအချိန်တွင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီသည် ကဏ္ဍအလိုက် လုပ်ငန်းများဆောင်ရွက်ထားရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြခြင်းအစီအစဥ် ဒုတိယနေ့အနေဖြင့် ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်တို့မှ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များအား ဖိတ်ကြား၍ ရှင်းလင်းတင်ပြခြင်းနှင့် တက်ရောက်လာသည့်ကိုယ်စားလှယ်များအနေဖြင့်လည်း သက်ဆိုင်ရာ နယ်မြေအလိုက် မြေပြင်အခြေအနေများ၊ လိုအပ်ချက်များ၊ တင်ပြချက်များအား ရင်းနှီးပွင့်လင်းစွာ မျှဝေဆွေးနွေးခြင်းအတွက် တွေ့ဆုံမှုတစ်ရပ်ပြုလုပ်ခဲ့သည်။
တွေ့ဆုံပွဲ၌ ပထမဦးစွာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်က အဖွင့်အမှာစကားပြောကြားရာတွင် “ကမ္ဘာတွင် ပြောင်းလဲနေသည့် နိုင်ငံရေးအခြေအနေ၊ ပြည်တွင်းနိုင်ငံရေးအခြေအနေများအပေါ် မူတည်ပြီး အားလုံးက သတင်းအချက်အလက်များ စဥ်ဆက်မပြတ် စီးဆင်းရန် လိုအပ်ပြီး အပြန်အလှန်မျှဝေပေးနိုင်ရန်နှင့် ထဲထဲဝင်ဝင်သိရှိနိုင်ရန် လိုအပ်ကာ ယနေ့တွေ့ဆုံမှုဟာ ရှေ့ဆက်၍ မည်သို့စီစဥ်ဆောင်ရွက်သွားကြမည်ကို သိရှိနိုင်မည့် တွေ့ဆုံမှုတစ်ခု ဖြစ်ပါတယ်” ဟု ထည့်သွင်းပြောကြားခဲ့ကာ အတွင်းရေးမှူး မိုင်းလမင်းထွန်းက တွေ့ဆုံရသည့် ရည်ရွယ်ချက်အား ရှင်းလင်းတင်ပြခဲ့သည်။
၎င်းနောက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ ဇွန်လဆန်းအထိ လုပ်ငန်းများဆောင်ရွက်ထားရှိမှုအခြေအနေများနှင့်စပ်လျဥ်း၍ ကဏ္ဍများအလိုက် ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာသည့် ကိုယ်စားလှယ်များက မြေပြင်အခြေအနေများ၊ လိုအပ်ချက်များ၊ လွှတ်တော်လုပ်ငန်းပိုင်းဆိုင်ရာကိစ္စရပ်များအတွက် ပိုမိုချိတ်ဆက် ဆောင်ရွက်နိုင်စေရန် အကြံပြုချက်များတင်ပြကာ အပြန်အလှန် ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။
နိဂုံးချုပ်အနေဖြင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌက “မိမိတို့က တစ်ဦးချင်း၊ တစ်ဦးချင်း ပဋိပက္ခတွေရဲ့ကြားထဲမှာ ပြဿနာကို ခံမထားဘဲနဲ့ ဦးတည်ချက်က ဘာလဲဆိုတာကို မျက်ချည်မပြတ် ကြည့်ပြီးတဲ့အခါမှာ အပြန်အလှန် လေးစားကြမည်၊ အပြန်အလှန် ချစ်ခင်ကြမည်၊ အပြန်အလှန်တန်ဖိုးထားကြမည်၊ အပြန်အလှန်ရဲ့ အကြံပြုချက်တွေကို လေးစားပြီးတော့ အလေးထားပြီးတော့ ညှိနှိုင်းကြ ဖြေရှင်းကြ ဆောင်ရွက်ကြခြင်းအားဖြင့် တော်လှန်ရေးကို အမြန်ဆုံး ဖြတ်နိုင်ဖို့ရန်အတွက် လိုပါတယ်” ဟု ပြောကြားခဲ့ကာ တွေ့ဆုံမှုအား (၃)နာရီခွဲအကြာတွင် ရပ်နားခဲ့သည်။
တွေ့ဆုံပွဲသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်၊ အတွင်းရေးမှူးများနှင့် အဖွဲ့ဝင်များ၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်တို့မှ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
The Committee Representing Pyidaungsu Hluttaw

