ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီတွင် ဖွဲ့စည်းထားသော လုံခြုံရေးနှင့်ကာကွယ်ရေးဆိုင်ရာကော်မတီနှင့် ဥပဒေရေးရာကော်မတီတို့သည် ၃၁-၁-၂၀၂၃ ရက်စွဲဖြင့် အမိန့် ကြော်ငြာစာအမှတ် (၅၄/၂၀၂၃) ဟူ၍ အကြမ်းဖက်စစ်ကောင်စီက တရားမဝင် ထုတ်ပြန်ထားသော ‘လက်နက်ခဲယမ်းကိုင်ဆောင်ခွင့်မူ’နှင့်စပ်လျဥ်း၍ လေ့လာသုံးသပ် ဆန်းစစ်နိုင်ရန် ၂၀၂၃ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့၊ ၁၀၀၀ နာရီတွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးတွင် သက်ဆိုင်ရာရေးရာကော်မတီဥက္ကဋ္ဌ (၂) ဦးက အဖွင့်အမှာစကားပြောကြားကာ ဥပဒေရေးရာကော်မတီဝင်များအနေဖြင့် တရားမဝင် အာဏာသိမ်းထားသော အကြမ်းဖက်စစ်ကောင်စီ၏ ‘လက်နက်ခဲယမ်းကိုင်ဆောင်ခွင့်မူ’ ပါ အချက်များအား လေ့လာသုံးသပ်၍ အားနည်းချက်၊ အားသာချက်၊ တွေ့ရှိချက်များနှင့် တော်လှန်ရေးအင်အားစုများအနေဖြင့် သတိထားဆောင်ရွက်သင့်သည့် ကိစ္စရပ်များအား ရှင်းလင်းပြောကြားခဲ့ကြသည်။ ထို့နောက် တက်ရောက်လာသည့် ကော်မတီဝင်များက တရားမဝင်အကြမ်းဖက်စစ်ကောင်စီသည် ထိုမူအား ပြည်သူ့အကျိုးအတွက် ရည်ရွယ် ထုတ်ပြန်ထားခြင်း မဟုတ်ဘဲ ၎င်း၏စစ်တပ်အင်အား ဆုတ်ယုတ်လာမှုနှင့်အတူ ၎င်း၏ အာဏာ ရေရှည်တည်မြဲရေးအတွက် စစ်ကောင်စီထောက်တိုင်များကို အသုံးချရန်နှင့် ယခင်ကတည်းက ၎င်းတို့အတွင်း ပြန့်ကျဲနေသည့် လက်နက်များအား ပြန်လည်စုစည်းရန်တို့အတွက် ရည်ရွယ်ထုတ်ပြန်ထားခြင်းဖြစ်ကြောင်း၊ ၎င်းတို့၏ အားနည်းချက်အပေါ် စိုးရိမ်ကြောင့်ကြမှုများကြောင့် ထိုမူအား ထုတ်ပြန်ခြင်းဖြစ်ကြောင်း စသည်ဖြင့် အမြင်ချင်း ဖလှယ်၍ အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးသို့ သက်ဆိုင်ရာကော်မတီဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ အဖွဲ့ဝင်များနှင့် ရုံးအဖွဲ့များ တက်ရောက်ခဲ့ကြသည်။
The Committee Representing Pyidaungsu Hluttaw

