မူလ / ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ ပညာရေးကော်မတီနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနတို့ ပညာရေးကဏ္ဍအတွက် ပူးပေါင်းဆောင်ရွက်နိုင်ရေး တွေ့ဆုံဆွေးနွေး

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ ပညာရေးကော်မတီနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနတို့ ပညာရေးကဏ္ဍအတွက် ပူးပေါင်းဆောင်ရွက်နိုင်ရေး တွေ့ဆုံဆွေးနွေး

၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၇ ရက်

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၊ ပညာရေးကော်မတီသည် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနနှင့် ယနေ့ (၁၁:၀၀) နာရီတွင် ဗီဒီယို ကွန်ဖရင့်မှတစ်ဆင့် တွေ့ဆုံကာ ရှေ့ဆက်ပူးပေါင်းလုပ်ဆောင်သင့်သောကိစ္စရပ်များနှင့် စပ်လျဥ်း၍ ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။

ဆွေးနွေးပွဲတွင် ပညာရေးကော်မတီဥက္ကဋ္ဌ ဦးရောဘတ်ညေးရယ်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး က ကော်မတီနှင့်ဝန်ကြီးဌာနတို့အကြား ပိုမိုချိတ်ဆက်မှုအားကောင်းစွာ ပူးပေါင်းဆောင်ရွက်သွားနိုင်ရေးအတွက် ပြောကြားခဲ့ပါသည်။ ထို့နောက် ပညာရေးဝန်ကြီးဌာန၏တာဝန်ရှိ သူများက လက်ရှိဆောင်ရွက်လျက်ရှိသော မြန်မာနိုင်ငံ၏ပညာရေးကဏ္ဍလုပ်ငန်းစဥ်များနှင့်စပ်လျဥ်း၍ အဆင့်မြင့်ပညာကဏ္ဍ၊ အခြေခံပညာကဏ္ဍ၊ သက်မွေးပညာကဏ္ဍစသည်ဖြင့် ကဏ္ဍအသီးသီးအတွက် လုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေတို့အား ရှင်းလင်းတင်ပြခဲ့ကြသည်။

ထို့အပြင် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ဆက်လက်ချိတ်ဆက်၍ ကူညီထောက်ပံ့မှုများ ရရှိနိုင်ရေး လုပ်ငန်းစဥ်များအား ဆွေးနွေးခဲ့ကြသည်။ တက်ရောက်လာကြသည့် ကော်မတီဝင်များက ရှင်းလင်းတင်ပြချက်များအပေါ် ဆွေးနွေးမေးမြန်း၍ လက်တွေ့ ပူးပေါင်းလုပ်ဆောင်သွားမည့် လုပ်ငန်းစဥ်များ ချမှတ်ကာ တွေ့ဆုံပွဲအား (၁၄:၀၀) နာရီတွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။

တွေ့ဆုံပွဲသို့ ပညာရေးကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများ၊ အတွင်းဝန်များနှင့် ရုံးအဖွဲ့တို့ တက်ရောက်ခဲ့ကြသည်။

The Committee Representing Pyidaungsu Hluttaw

class=wp-image-2524/
class=wp-image-2525/
class=wp-image-2526/
Scroll to Top