ပညာရေးကော်မတီသည် မြို့နယ်ပညာရေးဘုတ်အဖွဲ့များနှင့်တွေ့ဆုံရာတွင် ဆွေးနွေးခဲ့သည့် အချက်အလက်များနှင့်စပ်လျဥ်း၍ ပညာရေးဝန်ကြီးဌာနနှင့် အစည်းအဝေး ကျင်းပပြုလုပ်ခြင်း အစီအစဥ်အား ၂၀၂၃ ခုနှစ်၊ မတ်လ ၁၀ ရက်နေ့၊ ၁၃၀၀ နာရီအချိန်တွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် ပညာရေးကော်မတီဥက္ကဋ္ဌက နှုတ်ခွန်းဆက်စကား ပြောကြား၍ တွေ့ဆုံရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီးနောက် ပညာရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး က ပညာရေးဝန်ကြီးဌာန၏ ဘဏ္ဍာငွေရရှိမှု အခြေအနေနှင့် ထောက်ပံ့မှုဆောင်ရွက်နေသည့် အခြေအနေများအား ရှင်းလင်းပြောကြားသည်။
ထို့နောက် ပညာရေးဝန်ကြီးဌာန၏ အတွင်းဝန်နှင့် တက်ရောက်လာသော တာဝန်ရှိ ပုဂ္ဂိုလ်များမှ ဖက်ဒရယ်ကျောင်းများအား အသိအမှတ်ပြုရေးဆောင်ရွက်နေမှု အခြေအနေများ၊ ဖက်ဒရယ်ကျောင်းများတွင် ပညာရေးဝန်ကြီးဌာနမှ ချမှတ်ထားသော မူဝါဒများ လိုက်နာမှု ရှိ၊ မရှိအား စစ်တမ်းကောက်ယူနေမှုအခြေအနေများ၊ တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသော CDM ကျောင်းသူ၊ ကျောင်းသားများအတွက် အဆင့်မြင့်ပညာ ဆက်လက်သင်ယူနိုင်ရန် ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ပိတ်သိမ်းသွားသောကျောင်းများတွင် တက်ရောက်ခဲ့သော CDMကျောင်းသား၊ ကျောင်းသူများအား NUG အသိအမှတ်ပြု အခြားကျောင်းများတွင် အတန်းပညာ ဆက်လက် သင်ကြားနိုင်ကြောင်းအခြေအနေများ၊ Online နှင့် On Ground ကျောင်းများတွင် အခြေခံပညာ၊ အဆင့်မြင့်ပညာ၊ ဆရာအတတ်သင်ပညာနှင့် သက်မွေးပညာသင်တန်းများ ပို့ချနေမှု အခြေအနေများ၊ အဆင့်မြင့်ပညာများ ဆက်လက်သင်ကြားလိုသော CDM ဆရာ၊ ဆရာမများ၊ နိုင်ငံခြားပညာတော်သင်လျှောက်ထားလိုသော CDM ဆရာ၊ ဆရာမများအတွက် ဆောင်ရွက်ပေးလျက်ရှိသော အခြေအနေများ၊ CDM ပညာရေးဝန်ထမ်းများအား ထောက်ပံ့ပေးနေမှုအခြေအနေများအား ရှင်းလင်းပြောကြား၍ ပညာရေးကော်မတီမှ အဖွဲ့ဝင်များက သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးကာ အစည်းအဝေးအား ၁၆၀၀ နာရီအချိန်တွင် ရုပ်သိမ်းခဲ့သည်။
ယခုအစည်းအဝေးအား တော်လှန်ရေးကာလနှင့်အသွင်ကူးပြောင်းရေးကာလတွင် CRPH ၏ ပညာရေးကော်မတီသည် ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ ပညာရေးဆိုင်ရာ လိုအပ်ချက်များအား ကူညီဆောင်ရွက်ပေးနိုင်ရန်နှင့် ပညာရေးဝန်ကြီးဌာနနှင့် ပြည်သူလူထုအကြား ပေါင်းကူးသဖွယ် ချိတ်ဆက်မှုပိုမိုရရှိစေရန် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်သည်။
အဆိုပါအစည်းအဝေးသို့ ပညာရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပညာရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ အတွင်းဝန်များ၊ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ရုံးအဖွဲ့များ တက်ရောက်ခဲ့ကြသည်။
The Committee Representing Pyidaungsu Hluttaw


