မူလ / ပညာရေးကဏ္ဍနှင့်စပ်လျဥ်း၍ CRPH ပညာရေးကော်မတီသည် မန္တလေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကော်မတီ၊ နေပြည်တော်ကောင်စီအတွင်းရှိ မြို့နယ်ပညာရေးဘုတ်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေး

ပညာရေးကဏ္ဍနှင့်စပ်လျဥ်း၍ CRPH ပညာရေးကော်မတီသည် မန္တလေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကော်မတီ၊ နေပြည်တော်ကောင်စီအတွင်းရှိ မြို့နယ်ပညာရေးဘုတ်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေး

CRPH ပညာရေးကော်မတီသည် ပညာရေးကဏ္ဍနှင့်စပ်လျဥ်း၍ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားပြုကော်မတီ၊ နေပြည်တော်ကောင်စီအတွင်းရှိ မြို့နယ်ပညာရေး ဘုတ်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးခြင်း အစီအစဥ်အား ၂၀၂၃ ခုနှစ်၊ မတ်လ ၄ ရက်နေ့၊ (၁၃၀၀) နာရီအချိန်တွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ကျင်းပပြုလုပ်ခဲ့သည်။

တွေ့ဆုံပွဲတွင်  ပညာရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားပြုကော်မတီမှ တက်ရောက်လာကြသူများက အပြန်အလှန် မိတ်ဆက် စကားပြောကြား၍ ပညာရေးကော်မတီအတွင်းရေးမှူးက တွေ့ဆုံရခြင်း ရည်ရွယ်ချက်နှင့် ပညာရေးကော်မတီ၏ ဖွဲ့စည်းပုံ၊ ရည်ရွယ်ချက်နှင့်လုပ်ငန်းစဥ်များအား ရှင်းလင်း ပြောကြားသည်။ ထို့နောက် တက်ရောက်လာကြသော မြို့နယ်ပညာရေးဘုတ်အဖွဲ့မှ မြို့နယ်အလိုက် မြေပြင်ဆောင်ရွက်နေမှုအခြေအနေများ၊ အခက်အခဲများ၊ စစ်ကောင်စီလက်အောက်ခံကျောင်းများတွင် မတက်ရောက်ဘဲ CDM ပြုလုပ်နေကြသည့် ကျောင်းသား၊ ကျောင်းသူများ၏ ပညာရေးအခြေအနေများ၊ ကျောင်းသားနှင့်မိဘများ၏ စိတ်ပိုင်းဆိုင်ရာအခြေအနေများ၊ လုံခြုံရေးအခြေအနေများ၊ ဖမ်းဆီးခံ၊ ခြိမ်းခြောက်ခံထားရသော ဆရာ၊ ဆရာမများ၏ အခြေအနေများနှင့်စပ်လျဥ်း၍ အကြံပြုချက်များရယူလိုခြင်း၊ ဖက်ဒရယ်ကျောင်း တည်ထောင်ရေးအတွက် ပညာရေးကော်မတီအနေဖြင့် ပူးပေါင်းဆောင်ရွက်ပေးနိုင်မှုအခြေအနေ၊ တော်လှန်ရေးကာလ ပြီးဆုံးသည့်အခါ CDM ဆရာ၊ ဆရာမများအတွက် အဆင့်မြင့်သင်တန်းများ ဆက်လက်သင်ကြားခွင့် စီစဥ်ထားမှု အခြေအနေများကို ဆွေးနွေးမေးမြန်းသည်။

၎င်းနောက် ပညာရေးကော်မတီအဖွဲ့ဝင်များက မေးမြန်းလာသည့် မေးခွန်းများအား ပြန်လည်ဖြေကြား၍ CDM ဆရာ၊ ဆရာမများ၊ CDM ကျောင်းသား၊ ကျောင်းသူများအတွက် စီစဥ်ဆောင်ရွက်ထားမှုအခြေအနေများနှင့် ချိတ်ဆက်ပေးနိုင်သည့်အခြေအနေများအား ရှင်းလင်းပြောကြားကာ တွေ့ဆုံပွဲအား (၁၄၃၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့သည်။

ယခုတွေ့ဆုံပွဲသည် နေပြည်တော်ကောင်စီအတွင်းရှိ မြေပြင်ပညာရေးကဏ္ဍအား ဖော်ဆောင် နေကြသည့် ပညာရေးဘုတ်အဖွဲ့များ၏ ရင်ဆိုင်ကြုံတွေ့နေရသော အခက်အခဲများနှင့် ရင်ဖွင့်သံများအား နားထောင်၍ ချိတ်ဆက်ဆောင်ရွက်ပေးနိုင်မည့်ကိစ္စရပ်များအတွက် လိုအပ်သည်များ ပူးပေါင်းဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ပြုလုပ်ခြင်း ဖြစ်သည်။

တွေ့ဆုံပွဲသို့ ပညာရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မန္တလေးတိုင်းဒေသကြီးလွှတ်တော် ကိုယ်စားပြုကော်မတီ၊ နေပြည်တော်ကောင်စီအတွင်းရှိ မြို့နယ်ပညာရေးဘုတ်အဖွဲ့များနှင့် ရုံးအဖွဲ့များ တက်ရောက်ခဲ့ကြသည်။

The Committee Representing Pyidaungsu Hluttaw

Scroll to Top