ပြည်သူ့ရေးရာကော်မတီသည် CDM ပြည်သူ့ဝန်ထမ်းများ၏ အလုပ်အကိုင်အခွင့်အလမ်းနှင့် ဝင်ငွေရရှိတိုးပွားရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဥ်း၍ CDM Success Committee ၏ Job Creation and Income Generation Taskforce အား အဓိကတာဝန်ယူဆောင်ရွက်လျက်ရှိသည့် အမျိုးသားညီညွတ်ရေးအစိုးရ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်နေ့၊ နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် ဗီဒီယိုကွန့်ဖရင့်မှတစ်ဆင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
တွေ့ဆုံဆွေးနွေးပွဲ၌ ပြည်သူ့ရေးရာကော်မတီ ဥက္ကဋ္ဌ ဒေါက်တာခင်စိုးစိုးကြည်က ကော်မတီ၏ လက်ရှိအချိန်တွင် CDM များကို ကူညီပံ့ပိုးနေမှုများနှင့် ဆက်လက်ကြိုးပမ်းဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြ၍ အတွင်းရေးမှူး ဒေါ်အိအိပြုံးက ကော်မတီအနေဖြင့် CDM ပြည်သူ့ဝန်ထမ်းများ၏ အလုပ်အကိုင်အခွင့်အလမ်းနှင့် ဝင်ငွေရရှိတိုးပွားရေးဆိုင်ရာ ကဏ္ဍအတွက် ပိုမိုချိတ်ဆက်ဆောင်ရွက်နိုင်ရန် ယခုလိုရည်ရွယ်တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒေါ်ခင်မမမျိုးက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် တာဝန်ယူဆောင်ရွက်လျက်ရှိသည့် Job Creation and Income Generation Taskforce နှင့် SME Taskforce ဆိုင်ရာ နောက်ခံအကြောင်းအရာများ၊ အကောင်အထည်ဖော်ဆောင်ရွက်မှုများ၊ လုပ်ငန်းပေါင်းစပ်ချိတ်ဆက်ကြိုးပမ်းမှုများနှင့် CDM များ၏ ဝင်ငွေတိုးပွားရေးနှင့် အလုပ်အကိုင်ရရှိရေး ဆောင်ရွက်ရာတွင် အလုပ် အကိုင်စစ်တမ်းကောက်ယူခြင်း၊ ရေတိုရေရှည် သင်တန်းများပေးခြင်း၊ လုပ်သားဈေးကွက် ရှာဖွေပေးခြင်း၊ အသက်မွေးဝမ်းကျောင်း သင်တန်းများပေးခြင်း၊ SME ရင်းနှီးမြှုပ်နှံမှုအတွက် ချေးငွေများပေးခြင်း၊ ထုတ်လုပ်မှုလုပ်ငန်းများဆောင်ရွက်ခြင်း၊ SME များ နိုင်ငံတကာ ဈေးကွက်ဝင်ရောက်နိုင်ရေး လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်မှုများ၊ စီမံချက်ရေးဆွဲနေမှုများ၊ ရန်ပုံငွေရှာဖွေမှုများအား ရှင်းလင်းပြောကြားရာ တက်ရောက်လာသူ ပြည်သူ့ရေးရာကော်မတီဝင်များက သိရှိလိုသည်များအား မေးမြန်းဆွေးနွေးကာ SME ဆိုင်ရာလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် ရှေ့ဆက် အတူလက်တွဲ ချိတ်ဆက်ပူးပေါင်းဆောင်ရွက်နိုင်မှုအခြေအနေများအား အပြန်အလှန် ဆွေးနွေးပြောကြားခဲ့ကြသည်။
တွေ့ဆုံဆွေးနွေးပွဲသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ခင်မမမျိုး၊ ပြည်သူ့ရေးရာကော်မတီဥက္ကဋ္ဌ ဒေါက်တာခင်စိုးစိုးကြည်၊ ကော်မတီဝင်များနှင့် အခြားတာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြပြီး တွေ့ဆုံဆွေးနွေးပွဲကို ညနေ (၁၆:၀၀) နာရီတွင် ရုပ်သိမ်းခဲ့သည်။
The Committee Representing Pyidaungsu Hluttaw


