မူလ / ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် ပြည်ထောင်စုဝန်ကြီးချုပ်၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနများမှ ပြည်ထောင်စုဝန်ကြီးများ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီတို့ တွေ့ဆုံဆွေးနွေး

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် ပြည်ထောင်စုဝန်ကြီးချုပ်၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနများမှ ပြည်ထောင်စုဝန်ကြီးများ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီတို့ တွေ့ဆုံဆွေးနွေး

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် ပြည်ထောင်စုဝန်ကြီးချုပ်၊ ကာကွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနများမှ ပြည်ထောင်စုဝန်ကြီးများ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီအဖွဲ့ဝင်များ တွေ့ဆုံဆွေးနွေးပွဲကို ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်နေ့၊ မွန်းတည့် (၁၃:၀၀) နာရီတွင် ဗီဒီယိုကွန်ဖရင့်မှ တစ်ဆင့် ပြုလုပ်ခဲ့သည်။

တွေ့ဆုံပွဲပထမပိုင်းအနေဖြင့် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ကော်မတီ အစည်းအဝေးအား တစ်ပတ်လျှင်တစ်ကြိမ် ကျင်းပ၍ ဝန်ကြီးဌာနအလိုက် ပေါင်းစပ်လုပ်ဆောင် ရမည့်ကိစ္စများအတွက် အပတ်စဥ်ဆောင်ရွက်နေပါကြောင်း၊ တော်လှန်ရေးကာလတွင် အုပ်ချုပ်ရေးကိစ္စဆောင်ရွက်ရခြင်းသည် မလွယ်ကူပါကြောင်း၊ ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာ အခက်အခဲများကြားမှ မြေပြင်တွင် သက်စွန့်ဆံဖျား ဆောင်ရွက်နေကြသည့် တာဝန်ရှိသူများနှင့်ပေါင်းစပ်၍ ပိုမိုကောင်းမွန်နိုင်မည့် နည်းလမ်းများ၊ ပြည်သူအတွက် ပိုမိုအဆင်ပြေမည့်နည်းလမ်းများဖြင့် လုပ်ကိုင်နေသည်မှာ တစ်နှစ်ကြာပြီဖြစ်ပါကြောင်း၊ ကဏ္ဍအသီးသီးတွင် ပေါင်းစပ်လုပ်ကိုင်နေသည့် လွှတ်တော်ကိုယ်စားလှယ်များအား ကျေးဇူးတင်ရှိပါကြောင်း၊ အုပ်ချုပ်ရေးအကောင်အထည်ဖော်ရာတွင် လွှတ်တော် ကိုယ်စားလှယ်များ၏အခန်းကဏ္ဍသည် အလွန်အရေးကြီးပါကြောင်း၊ မြို့နယ်တစ်ခုချင်းစီ အကြောင်းအား ကိုယ်စားလှယ်များကသာ ပို၍သိနိုင်ပါကြောင်း၊ မြို့နယ်တွင်းတွင် ပိုမို ကောင်းမွန်အောင် ဆောင်ရွက်နိုင်မည့်နည်းလမ်းများ ရှာဖွေ၍ လုပ်ငန်းများ လုပ်ဆောင်နိုင်ရန် ဝိုင်းဝန်းအကြံပေးစေလိုကြောင်း၊ အလွန်ရက်စက်ကြမ်းကြုတ်သော အာဏာရှင်ကို တော်လှန်နေကြရာတွင် အမြင်မတူသည်များကို ညှိနှိုင်းပြီး ရှေ့ဆက်ကြရမည်ဖြစ်ကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရသည် တော်လှန်ရေးအစိုးရအနေဖြင့် တော်လှန်ရေးအင်အားစု အားလုံးနှင့် ပေါင်းစပ်ညှိနှိုင်းပြီး အားကြိုးမာန်တက် ဆောင်ရွက်နေပါကြောင်း၊  ပြည်သူ့ကိုယ်စားလှယ်များ၏ အကူအညီမပါဘဲ တော်လှန်ရေး အောင်မြင်အောင် လုပ်ဆောင်နိုင်ရန် ခက်ခဲပါကြောင်း၊ မိမိတို့ တစ်ဦးနှင့်တစ်ဦး ပံ့ပိုးကူညီရင်း တော်လှန်ရေး အမြန်ဆုံးအောင်မြင်အဆုံးသတ်နိုင်ရေးအတွက် အားလုံးပူးပေါင်း၍ အတူတကွ ဝိုင်းဝန်း ကြိုးပမ်းသွားကြရန် အဖွင့်အမှာစကား ပြောကြားပြီးနောက် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် က တွေ့ဆုံရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးကွမ်မင်းက ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီကိုယ်စား တစ်နှစ်ပြည့်အစီရင်ခံစာအား တင်ပြရာ ကော်မတီဖွဲ့စည်းပုံ၊ မူဝါဒများ၊ လုပ်ငန်းလက်စွဲနှင့် ယန္တရားလည်ပတ်မှု ပုံစံအပါအဝင်၊ ဆောင်ရွက်ပြီးစီးထားမှုအခြေအနေများ၊ စိန်ခေါ်မှုများနှင့် ဆက်လက်လုပ်ဆောင်မည့်လုပ်ငန်းများအား ရှင်းလင်းတင်ပြရာ  တက်ရောက်လာသည့် CRPH အဖွဲ့ဝင်များက တင်ပြချက်များအပေါ် မေးမြန်းဆွေးနွေးအကြံပြုခြင်းများ ပြုလုပ်ခဲ့သည်။

တွေ့ဆုံမှုဒုတိယပိုင်းအနေဖြင့် တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၏ အခန်းကဏ္ဍအတွက် မည်ကဲ့သို့ စီစဥ်ဆောင်ရွက်သင့်သည်ဟူသော မူဝါဒချမှတ်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဥ်း၍ ဆက်လက်ဆွေးနွေးခဲ့ပြီး  တွေ့ဆုံပွဲအား (၁၄:၅၀) နာရီတွင် ရုပ်သိမ်းခဲ့သည်။

တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးချုပ်၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးများနှင့် အဖွဲ့ဝင်များ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးနှင့်လူဝင်မှု ကြီးကြပ်ရေးဝန်ကြီးဌာနများမှ ပြည်ထောင်စုဝန်ကြီးများ၊ ကြားကာလ ဒေသန္တရပြည်သူ့ အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီ၏အဖွဲ့ဝင်များနှင့် ရုံးအဖွဲ့များ တက်ရောက်ခဲ့ကြသည်။

The Committee Representing Pyidaungsu Hluttaw

class=wp-image-2573/
class=wp-image-2574/
class=wp-image-2575/
Scroll to Top