မူလ / ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီရှိ ပြည်သူ့ရေးရာကော်မတီနှင့် ကချင်ပြည်နယ်မှ CDM သူရဲကောင်းများ တွေ့ဆုံဆွေးနွေး

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီရှိ ပြည်သူ့ရေးရာကော်မတီနှင့် ကချင်ပြည်နယ်မှ CDM သူရဲကောင်းများ တွေ့ဆုံဆွေးနွေး

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီတွင် ဖွဲ့စည်းထား ရှိသော ပြည်သူ့ရေးရာ ကော်မတီသည် ကချင်ပြည်နယ်မှ CDMer များနှင့် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်နေ့၊ နေ့လယ်(၁၂:၃၀) နာရီအချိန်တွင် ဗီဒီယိုကွန့်ဖရင့်ဖြင့် တွေ့ဆုံမှု ပြုလုပ်ခဲ့သည်။

တွေ့ဆုံဆွေးနွေးပွဲ၌ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ အတွင်းရေးမှူး အဖွဲ့ဝင် ဒေါ်ဖြူဖြူသင်း က တော်လှန်ရေးကာလမှာ ၂ နှစ်နီးပါး ရှိလာပြီဖြစ်၍ မဝေးတော့သည့် အနာဂတ်တွင် အောင်မြင်မှုရရှိမည်မှာ မုချယုံကြည်ပါကြောင်းနှင့် အခက်အခဲများ၊ သွေးခွဲမှုများကို ပိုမိုစည်းလုံးညီညွတ်စွာ ကျော်ဖြတ်ကြရန်လိုအပ်ကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနနှင့်ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက တော်လှန်ရေးကာလအစမှ မလျှော့သောဇွဲဖြင့် Civil Disobedience Movement တွင်ပါဝင်ပေးနေကြသော ပြည်သူ့ဝန်ထမ်း CDM သူရဲကောင်းများအား ကျေးဇူးတင်ရှိပါကြောင်း၊ စိတ်ဓာတ်ခိုင်မာစွာဖြင့် မြန်မာနိုင်ငံအတွက် မျိုးဆက်သစ်များအတွက် ယခုအချိန်ထိ တိုက်ပွဲဝင်နေကြခြင်းဖြစ်ပြီး ကျဆုံးသွားကြသူများကိုလည်း အလေးပြုအပ်ပါကြောင်း၊ မိမိတို့တွင် Roadmap များရှိ၍ CDM ၏အင်အားဖြင့် ယန္တရားကိုရပ်ခဲ့ပြီး ယင်းအင်အားဖြင့်ပင် မိမိတို့၏ယန္တရားကို  ပြန်လည် လည်ပတ်ရန် ရရာနေရာ၊ ရောက်ရာနေရာတွင် ပြည်သူကို ဝန်ဆောင်မှုပြန်ပေးဖို့ ကြိုးစားကြရန်ဖြစ်ကြောင်း၊ Roadmap အတိုင်း စတင်၍ NUG ၏ One Year Plan ဖြင့် တော်လှန်ရေးကို တစ်နှစ်အတွင်း သွက်သွက်လက်လက် အပြီးသတ်ကြရန်ဖြစ်ကြောင်း၊ CDM မူဝါဒများ၊  CDM ကျောင်းသားမူဝါဒများအတွက် ပြတ်ပြတ်သားသားရှိပြီး အမြန်ဆုံးပေါ်ပေါက်ရေးအတွက်လည်း အာမခံပါကြောင်း၊ ပြောင်းရွှေ့နေထိုင်ကြရသည့် CDMer များ၏ Job Creation and Income Generation အတွက် တိုင်းဒေသကြီး၊ ပြည်နယ်အလိုက်၊ မြို့နယ်အလိုက်၊ ဒေသအလိုက် ရှင်သန်ဖို့ ခိုင်မြဲသည့် အင်အားများဖြင့် ဆောင်ရွက်ကြရန်နှင့် မိမိတို့အနေဖြင့် တတ်နိုင်သမျှ ကူညီပံ့ပိုးနိုင်ဖို့ကြိုးစားလျက်ရှိပြီး နိုင်ငံတကာ အကူအညီများရရှိရန်လည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ပြည်သူ့ရေးရာကော်မတီ ‌ဥက္ကဋ္ဌ ဒေါက်တာ ခင်စိုးစိုးကြည်က တွေ့ဆုံရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားရာတွင် မိမိတို့ကိုယ်စားလှယ်များသည် NUG၊ CRPH နှင့် ကျရာနေရာအသီးသီးတွင် ပါဝင်ဆောင်ရွက်လျက်ရှိကြပါကြောင်းနှင့် ပြည်သူ့ရေးရာ ကော်မတီသည် ပြည်သူများ၏ အရေးအရာများထဲမှ CDMer များအတွက် အဓိကထား၍ ဆောင်ရွက်ပေးလျက်ရှိသည်ကို CDM များအနေဖြင့် သိစေလို၍ တွေ့ဆုံရခြင်း ဖြစ်ပါကြောင်း ပြောကြားပြီးနောက် ပြည်သူ့ရေးရာကော်မတီ အတွင်းရေးမှူး ဒေါ်အိအိပြုံးက ကော်မတီ၏ လက်ရှိအချိန်တွင် CDM များကို ကူညီပံ့ပိုးနေမှုများ၊ CDM များအတွက် ဆက်လက်ကြိုးပမ်း ဆောင်ရွက်နေမှုလုပ်ငန်းများအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် CDM ဝန်ထမ်းများ၏ တင်ပြချက်များအား သက်ဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြား၍ ဆက်လက်ပူးပေါင်းညှိနှိုင်းဆောင်ရွက်သွားရမည့်ကိစ္စရပ်များအား အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ အတွင်းရေးမှူး အဖွဲ့ဝင် ဒေါ်ဖြူဖြူသင်း၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ ပြည်သူ့ရေးရာကော်မတီ ဥက္ကဋ္ဌ ဒေါက်တာခင်စိုးစိုးကြည်နှင့် အဖွဲ့ဝင်များ၊ ကချင်ပြည်နယ်မှ CDM သူရဲကောင်းများ တက်ရောက်ခဲ့ကြပြီး တွေ့ဆုံဆွေးနွေးပွဲအား (၁၆း၀၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့သည်။


The Committee Representing Pyidaungsu Hluttaw

class=wp-image-2772/
class=wp-image-2773/
class=wp-image-2774/
Scroll to Top