အမျိုးသားညီညွတ်ရေးအစိုးရ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် “တော်လှန်ထောက်ကူ ပညာယူ” ကမ်ပိန်းအား အတူတကွ ချိတ်ဆက်ပူးပေါင်း အကောင်အထည် ဖော်နိုင်ရေးနှင့်စပ်လျဥ်း၍ ပြည်သူ့ရေးရာကော်မတီနှင့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်နေ့၊ ၁၂၃၀ နာရီအချိန်တွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
အစည်းအဝေးတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ Myanmar Institute of Economy, Commerce and Industry (MIECI) က ဆောင်ရွက်မည့် ကမ်ပိန်း၏ လုပ်ငန်းစဥ်များ၊ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများအား ပြည်ထောင်စုဝန်ကြီး ဒေါ်ခင်မမမျိုးက ရှင်းလင်းပြောကြားရာတွင် “တော်လှန်ထောက်ကူ ပညာယူ” အစီအစဥ်အနေဖြင့် Mini-MBA သင်တန်းအား သင်တန်းသားတစ်ဦးလျှင် မြန်မာကျပ်ငွေ (၃) သိန်းနှုန်းဖြင့် ဖွင့်လှစ်သင်ကြားပေးမည် ဖြစ်ပြီး၊ ရရှိလာသည့်ဝင်ငွေများကို စစ်ဘေးရှောင်ပြည်သူများ၊ CDMer များနှင့် တော်လှန်ရေး အင်အားစုများကို ထောက်ပံ့ကူညီသွားမည် ဖြစ်ကြောင်း၊ အဆိုပါသင်တန်းသည် ပညာရေးတစ်ပိုင်းတစ်စဖြင့် နိုင်ငံတကာသို့ ရောက်ရှိ အလုပ်လုပ်ကိုင်နေကြသည့် CDM ကျောင်းသား၊ ကျောင်းသူများအတွက် အဓိကရည်ရွယ်ပြီး သင့်တင့်မျှတသောနှုန်းထားဖြင့် ပညာလေ့လာဆည်းပူး၍ စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန်ဖြစ်ကြောင်းနှင့် ကမ်ပိန်းအား ပိုမိုအောင်မြင် လူသိများစေရန် နိုင်ငံတကာမှ Fundraiser များနှင့် ချိတ်ဆက် အကောင်အထည်ဖော်နိုင်ရေးအတွက် တွေ့ဆုံရခြင်းဖြစ်ကြောင်း အစည်းအဝေးပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ပြောကြားခဲ့သည်။
ထို့နောက် ပြည်သူ့ရေးရာကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များက ကမ်ပိန်း အစီအစဥ်ဆိုင်ရာ အသေးစိတ်ဆောင်ရွက်ချက်များအား ဆွေးနွေးမေးမြန်း၍ နိုင်ငံတကာ Fund Raising Group များနှင့် ချိတ်ဆက်ဆောင်ရွက်အကောင်အထည်ဖော်နိုင်ရေးနှင့် တော်လှန်ရေးအင်အားစုများနှင့် ချိတ်ဆက်ထောက်ကူမှုဆိုင်ရာ ကိစ္စရပ်များအား ညှိနှိုင်းဖော်ဆောင်ခဲ့ကြပါသည်။
အစည်းအဝေးသို့ ပြည်သူ့ရေးရာကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ ခင်စိုးစိုးကြည်နှင့် အဖွဲ့ဝင်များ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ခင်မမမျိုးနှင့် ဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြသည်။
“တော်လှန်ထောက်ကူ ပညာယူ” ကမ်ပိန်း၏ အသေးစိတ်အချက်အလက်များအား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ Facebook Page : https://www.facebook.com/mocNUGMyan တွင် ဆက်သွယ်လေ့လာစုံစမ်းနိုင်ပါသည်။
The Committee Representing Pyidaungsu Hluttaw



