ပညာရေးကော်မတီအဖွဲ့ဝင်များသည် ပညာရေးကဏ္ဍနှင့်စပ်လျဥ်း၍ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားပြုကော်မတီ အဖွဲ့ဝင်များ၊ မန္တလေးတိုင်းဒေသကြီးရှိ ပညာရေးဘုတ်အဖွဲ့ဝင်များနှင့် တွေ့ဆုံဆွေးနွေးခြင်း အစီအစဥ်အား ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်နေ့၊ မွန်းလွဲ (၁၃:၀၀) နာရီအချိန်တွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ကျင်းပပြုလုပ်ခဲ့သည်။
တွေ့ဆုံဆွေးနွေးပွဲတွင် ပညာရေးကော်မတီမှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဦးစွာ မိတ်ဆက် စကားပြောကြား၍ တက်ရောက်လာကြသော မန္တလေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြု ကော်မတီမှ အဖွဲ့ဝင်များက မိတ်ဆက်စကား ပြောကြားပါသည်။ ၎င်းနောက် ပညာရေးကော်မတီ၊ အတွင်းရေးမှူး က တွေ့ဆုံရခြင်းရည်ရွယ်ချက်နှင့် ပညာရေးကော်မတီ၏ ဖွဲ့စည်းပုံ၊ လုပ်ငန်းစဥ်များအား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ တက်ရောက် လာကြသည့် မြို့နယ်ပညာရေးဘုတ်အဖွဲ့များက CDM Policy နှင့်စပ်လျဥ်း၍ ဥပဒေ၊ နည်းဥပဒေများ လျင်မြန်စွာ ပေါ်ထွက်လာစေရေး၊ မြေပြင်လှုပ်ရှားမှုအခြေအနေများ၊ တော်လှန်ရေးအစုအဖွဲ့များနှင့် ချိတ်ဆက်ဆောင်ရွက်နေမှုများ၊ ရင်ဆိုင်ကြုံတွေ့နေရသော အခက်အခဲများ၊ ပညာရေးဆိုင်ရာသင်တန်းများနှင့် ချိတ်ဆက်ဆောင်ရွက်နေမှုများ၊ ပညာရေးမူဝါဒဆိုင်ရာကိစ္စရပ်များ၊ ပညာရေးအတွက် ပြင်ဆင်ဆောင်ရွက်မှုများနှင့် CDM အင်အားစုများ၏ကိုယ်စား တိုက်တွန်းချက်များ၊ ဖက်ဒရယ်ပညာရေးစနစ် ထူထောင်နိုင်ရေးအတွက် တောင်းဆိုချက်များအား တင်ပြဆွေးနွေးရာ ပညာရေးကော်မတီမှ ဥက္ကဋ္ဌနှင့်တကွ အဖွဲ့ဝင်များက ပြန်လည်ဆွေးနွေးဖြေကြား၍ တွေ့ဆုံပွဲအား (၁၇:၃၅) နာရီအချိန်တွင် ရုပ်သိမ်းခဲ့သည်။
ယခုတွေ့ဆုံပွဲသည် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြေပြင်ပညာရေးကဏ္ဍအား ဖော်ဆောင်နေကြသည့် ပညာရေးဘုတ်အဖွဲ့များ၏ ရင်ဆိုင်ကြုံတွေ့နေရသော အခက်အခဲများနှင့် ရင်ဖွင့်သံများအား နားထောင်၍ ချိတ်ဆက်ဆောင်ရွက်ပေးနိုင်မည့် ကိစ္စရပ်များအတွက် လိုအပ်သည်များ ပူးပေါင်းဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်သည်။
တွေ့ဆုံပွဲသို့ ပညာရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားပြုကော်မတီ အဖွဲ့ဝင်များ၊ မန္တလေးတိုင်းဒေသကြီးရှိ မြို့နယ်ပညာရေး ဘုတ်အဖွဲ့ဝင်များနှင့် ရုံးအဖွဲ့များ တက်ရောက်ခဲ့ကြသည်။
The Committee Representing Pyidaungsu Hluttaw

