ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့်တကွ ဥပဒေရေးရာကော်မတီ၊ ဖက်ဒရယ် ရေးရာကော်မတီ၊ NUCC ရေးရာကော်မတီတို့အား ဖိတ်ကြား၍ နွေဦးတော်လှန်ရေးမြန်မာ မွတ်စလင်မ်ကွန်ရက် (Spring Revolution Myanmar Muslim Network−SRMMN) သည် “အနာဂတ် မြန်မာဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်အတွက် အသွင်ကူးပြောင်းရေး တရားမျှတမှုဆိုင်ရာ မူဝါဒရေးရာနှင့် ဥပဒေရေးရာ ထောက်ခံအကြံပြုချက်များ” စာတမ်း ရှင်းလင်း တင်ပြခြင်းအစီအစဥ်အား ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၁၁) ရက်နေ့၊ ည (၁၉:၀၀) နာရီတွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ပြုလုပ်ခဲ့သည်။
စာတမ်းရှင်းလင်းတင်ပြခြင်းအစီအစဥ်၌ နွေဦးတော်လှန်ရေးမြန်မာမွတ်စလင်မ်ကွန်ရက် (SRMMN) မှ ဦးဆောင်ကော်မတီဝင် ဒေါက်တာသန်းလွင်ဦး က စာတမ်းရေးသားရခြင်းရည်ရွယ်ချက်နှင့်အတူ စာတမ်းပါ မူဝါဒရေးရာနှင့်မဟာဗျူဟာထောက်ခံအကြံပြုချက်များနှင့် စပ်လျဥ်း၍ ရှင်းလင်းတင်ပြပြီး ဦးဆောင်ကော်မတီဝင် ဦးမောင်မောင် က စာတမ်းပါ ပြစ်မှုဆိုင်ရာဥပဒေ၊ ရာဇသတ်ကြီးဥပဒေတို့ အပါအဝင် အခြားဥပဒေရေးရာထောက်ခံအကြံပြုချက်များနှင့်စပ်လျဥ်း၍ အသီးသီး ရှင်းလင်းတင်ပြခဲ့သည်။ ဆက်လက်၍ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌနှင့်တကွ တက်ရောက်လာကြသူများက သိရှိလိုသည်များအား မေးမြန်းခြင်းနှင့် အကြံပြုဆွေးနွေးခြင်းများ ပြုလုပ်ခဲ့သည်။ ထို့နောက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် က နိဂုံးချုပ်စကားပြောကြား၍ အစီအစဥ်အား (၂၀:၄၅)နာရီတွင် ရုပ်သိမ်းခဲ့သည်။
စာတမ်းရှင်းလင်းတင်ပြခြင်းအစီအစဉ်သို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဥပဒေရေးရာကော်မတီ၊ ဖက်ဒရယ်ရေးရာကော်မတီနှင့် NUCC ရေးရာကော်မတီများမှ ကော်မတီဝင်များ၊ နွေဦးတော်လှန်ရေးမြန်မာမွတ်စလင်မ်ကွန်ရက်မှ တာဝန်ရှိသူများ အသီးသီး တက်ရောက်ခဲ့ကြသည်။
The Committee Representing Pyidaungsu Hluttaw

