ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည် အမျိုးသားညီညွတ်ရေးအစိုးရ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနအား ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ဖိတ်ခေါ်၍ ဝန်ကြီးဌာန၏ လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေတို့အား သိရှိနိုင်ရန် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်နေ့၊ ညနေ (၁၉:၀၀)နာရီတွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့သည်။
အစည်းအဝေး၌ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်က အဖွင့်အမှာစကား ပြောကြားပြီးနောက် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းဇေယျာဦး က ဝန်ကြီးဌာန၏ ဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ လုံခြုံရေးနှင့်ကာကွယ်ရေးဆိုင်ရာကော်မတီ၊ Cabinet နှင့် ဘဏ္ဍာရေးကော်မရှင်တို့၏ ဆုံးဖြတ်ချက်တို့နှင့်အညီ လစဉ်သာမန်အသုံးစရိတ် လွှဲပြောင်းပေးအပ်ခြင်းကိစ္စ၊ ပြည်သူ့ရင်ခွင်ကော်မတီ၊ JCIG ကော်မတီ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီတို့အတွက် လျာထားဘတ်ဂျက်နှင့် သုံးစွဲမှုအခြေအနေများ၊ ၂၀၂၂ ခုနှစ် ဘဏ္ဍာရေးကာလ အမျိုးသားညီညွတ်ရေးအစိုးရ ငွေလုံးငွေရင်း စာရင်းများ၊ အမေ့ထီးရန်ပုံငွေခွဲဝေသုံးစွဲမှုအခြေအနေ၊ NUG Pay အား တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သုံးစွဲနိုင်ရန် ပြင်ဆင်ဆောင်ရွက်နေမှု၊ Early Partnership Program ပြင်ဆင်ထားမှုအခြေအနေတို့နှင့် ဝန်ကြီးဌာန၏ရှေ့လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြရာ တက်ရောက်လာသည့် အဖွဲ့ဝင်များက သိရှိလိုသည်များအား မေးမြန်း၍ ဆွေးနွေးအကြံပြုခဲ့ကြသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးအား (၂၂:၅၃)နာရီတွင် ရုပ်သိမ်းခဲ့သည်။
အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရေးရာကော်မတီများမှ ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းဇေယျာဦးနှင့် အမြဲတမ်းအတွင်းဝန်တို့ တက်ရောက်ခဲ့ကြသည်။
The Committee Representing Pyidaungsu Hluttaw
