မူလ / (၁၄၈) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များညီလာခံ၌ မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် တက်ရောက်မိန့်ခွန်းပြောကြား

(၁၄၈) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များညီလာခံ၌ မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် တက်ရောက်မိန့်ခွန်းပြောကြား

ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့၌ ကျင်းပလျက်ရှိသည့် (၁၄၈) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များညီလာခံနှင့် ဆက်စပ်အစည်းအဝေးများသို့ မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်လျက်ရှိပြီး ယနေ့ ၂၆-၃-၂၀၂၄ ရက်နေ့တွင် “Parliamentary Diplomacy: Building bridges for peace and understanding” ခေါင်းစဉ်ဖြင့် ကျင်းပသည့် ညီလာခံ၏ General Debate အစီအစဉ်တွင် မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဒေါက်တာဝင်းမြတ်အေး တက်ရောက်၍ မိန့်ခွန်းပြောကြားခဲ့သည်။ 

မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်က မိန့်ခွန်းပြောကြားရာတွင်

“ယနေ့အချိန်တွင် ကမ္ဘာ့နိုင်ငံအများအပြားတွင် လက်နက်ကိုင်ပဋိပက္ခများ တိုးပွားလာနေခြင်းကြောင့် ကမ္ဘာ့စီးပွားရေး၊ လုံခြုံရေး၊ ငြိမ်းချမ်းရေးနှင့် အရပ်သားပြည်သူများ၏ အသက်အန္တရာယ်များ ထိခိုက်နေမှုများ၊ လက်နက်ကိုင်ပဋိပက္ခများရပ်တန့်သွားစေရန် သို့မဟုတ် နည်းပါးသွားစေရန် မလုပ်ဆောင်နိုင်ခြင်းကြောင့် ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးမှုများအတွက် စိန်ခေါ်မှုများသည် သိသိသာသာ ကြီးမားလာပါကြောင်း၊ ကမ္ဘာကြီး၏ လက်ရှိဖြစ်ပေါ်နေသည့် ပြဿနာများကို ကူညီဖြေရှင်းရန် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် သံတမန်ဆက်ဆံရေးတွင် ပါဝင်မှုကို မြှင့်တင်ရန် လိုအပ်နေပါကြောင်း၊ ပဋိပက္ခခံစားနေရသည့် အခြားနိုင်ငံများမှ ပြည်သူများကဲ့သို့ မြန်မာပြည်သူများသည်လည်း အကြမ်းဖက်စစ်တပ်က ကျူးလွန်လုပ်ဆောင်နေခြင်းကြောင့် နာကျင်မှုများကို လျော့နည်းသွားစေရန် လူကြီးမင်းတို့ထံမှ အကူအညီ တောင်းခံနေပါကြောင်း၊ မြန်မာပြည်သူများသည် တရားမဝင်စစ်အုပ်ချုပ်ရေးစနစ်ကို အဆုံးသတ်ပြီး နိုင်ငံတကာလူ့အခွင့်အရေးနှင့် နိုင်ငံတကာဥပဒေများကို လေးစားလိုက်နာသည့် ငြိမ်းချမ်းသည့် အသိုက်အဝန်းတစ်ရပ်ကို တည်ထောင်နိုင်ရန် အကူအညီလိုအပ်နေပါကြောင်း၊ စစ်တပ်မှ အာဏာသိမ်းပြီးနောက် ၂.၇ သန်းကျော်သည် အာဏာသိမ်းစစ်တပ်၏ လေကြောင်းနှင့် မီးရှို့ တိုက်ခိုက်ခြင်း၊ ကွပ်မျက်သတ်ဖြတ်ခြင်း၊ အဓမ္မပြုကျင့်ခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်း၊ အကြောင်းပြချက်မရှိ ဖမ်းဆီးခြင်း၊ လက်စလက်နဖျောက်ဖျက်ခြင်းနှင့် ဖိနှိပ်ခြင်းများကြောင့် နေအိမ်များမှ ထွက်ပြေးနေရပါကြောင်း၊ ကလေးသူငယ် ၆ သန်းအပါအဝင် မြန်မာပြည်သူ ၁၉ သန်းကျော်သည် လူသားချင်းစာနာထောက်ထားမှုအကူအညီလိုအပ်နေပါကြောင်း၊ ပြည်ပခြိမ်းခြောက်မှုမရှိဘဲ အာဏာသိမ်းစစ်တပ်က ပြည်သူ့စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော်ရန် ထုတ်ပြန်ခြင်းသည် နေရပ်စွန့်ခွာမှုကို တိုးပွားလာနိုင်ပါကြောင်း၊ CRPH နှင့် ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များသည် မြန်မာပြည်သူများနှင့်အတူ အာဏာသိမ်းစစ်တပ်၏ တရားမဝင်အုပ်ချုပ်ရေးစနစ်နှင့် ၎င်းတို့၏ အကြမ်းဖက်မှုများကို အဆုံးသတ်ရန်၊ ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီ ပြန်လည်ရရှိစေရန်နှင့် နိုင်ငံ၏ သက်ဆိုင်သူများနှင့်အတူ လက်ရှိနိုင်ငံရေးအခြေအနေများကို ဖြေရှင်းနိုင်ရန် လက်တွဲလုပ်ဆောင်နေပါကြောင်း၊ နိုင်ငံတစ်ဝှမ်းခုခံတွန်းလှန်မှုများကြောင့် အာဏာသိမ်းစစ်တပ်၏ နယ်မြေများနှင့် တပ်သားများ အများအပြားဆုံးရှုံးနေပြီး ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များအပါအဝင် ဒီမိုကရေစီအင်အားစုများက မြန်မာပြည်သူအားလုံးအတွက် ငြိမ်းချမ်းသော အသိုက်အဝန်းတစ်ရပ် ဖန်တီးပုံဖော်ပေးနိုင်ရေး ဘုံရည်မှန်းချက်ကို ခိုင်မာသေချာအောင် လုပ်ဆောင်နေကြပါကြောင်း” ဖြင့် ထည့်သွင်းပြောကြားခဲ့သည်။

မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့သည် ၂၄-၃-၂၀၂၄ ရက်နှင့် ၂၅-၃-၂၀၂၄ ရက်တို့တွင် တီမောလက်စတေးနိုင်ငံ၊ ဂျပန်နိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ မလေးရှားနိုင်ငံ၊ ဂျာမနီနိုင်ငံတို့မှ လွှတ်တော်ကိုယ်စားလှယ်အဖွဲ့များနှင့် သီးခြားစီတွေ့ဆုံ၍ မြန်မာ့အရေးအခြေအနေ ပြောင်းလဲမှုများ၊ အကြမ်းဖက်စစ်တပ်က တိုးမြှင့်လုပ်ဆောင်လျက်ရှိသည့် လေကြောင်းတိုက်ခိုက်မှုများနှင့် အခြားသော အကြမ်းဖက်မှုများ၊ မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားမှုအပေါ် ပူးပေါင်းကူညီပေးစေလိုသည့် ကိစ္စရပ်များကို ဆွေးနွေးဖလှယ်ခဲ့ကြပါသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

Scroll to Top