မူလ / (၂၇၆၄) ခုနှစ်၊ ကရင်အမျိုးသားနှစ်သစ်ကူးနေ့သို့ ပေးပို့သည့်သဝဏ်လွှာ

(၂၇၆၄) ခုနှစ်၊ ကရင်အမျိုးသားနှစ်သစ်ကူးနေ့သို့ ပေးပို့သည့်သဝဏ်လွှာ

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်

၁။ (၂၇၆၄) ခုနှစ်၊ ကရင်အမျိုးသားနှစ်သစ်ကူးနေ့အခါသမယတွင် ပြည်ထောင်စုဖွား ကရင် တိုင်းရင်းသားလူမျိုးများနှင့်တကွ အခြားတိုင်းရင်းသား ပြည်သူများအားလုံးတို့သည် ကျက်သရေ မင်္ဂလာအဖြာဖြာ စုံညီစွာဖြင့် ဘေးအန္တရာယ်အပေါင်း ကင်းဝေးပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။

၂။ ကရင်သက္ကရာဇ် ၂၆၇၇ ခုနှစ်၊ စနေနေ့ (မြန်မာသက္ကရာဇ် ၁၂၉၉ ခုနှစ်၊ ပြာသိုလဆန်း၊ ၁ ရက်နေ့) အား ကရင်အမျိုးသားနှစ်သစ်ကူးနေ့အဖြစ် စတင်သတ်မှတ်၍ နှစ်စဥ် ပျော်ရွှင်စွာ ရိုးရာ ဓလေ့ထုံးတမ်းများနှင့် ပြုလုပ်ကျင်းပခဲ့သော်လည်း လက်ရှိကာလများတွင် အကြမ်းဖက်စစ်အုပ်စု သည် နည်းလမ်းမျိုးစုံဖြင့် စစ်ဘောင်ချဲ့ကာ အကြမ်းဖက်လုပ်ရပ်များအား ပိုမိုအရှိန်မြှင့် လုပ်ဆောင် လျက်ရှိသည့်အတွက် နိုင်ငံတဝှမ်းရှိ တိုင်းရင်းသားပြည်သူလူထုအားလုံးတို့သည် နေ့စဥ် အတိဒုက္ခ ရောက်ကြရကာ အခက်အခဲ၊ ကြပ်တည်းမှုများစွာဖြင့် ရင်ဆိုင်နေကြရပါသည်။

၃။ မည်သို့သော ပင်ပန်းဆင်းရဲမှုဒဏ်များ၊ ရင်းနှီးပေးဆပ်ရမှုများ ကြုံတွေ့ခံစားရသော်လည်း ကရင်တိုင်းရင်းသားများအပါအဝင် ပြည်သူလူထုတစ်ရပ်လုံးသည် ယနေ့အချိန်ထိတိုင် ကျရာကဏ္ဍ ၌ တာဝန်ကျေပွန်စွာ ပူးပေါင်းဆောင်ရွက်ကာ စစ်အာဏာရှင်များ ကြောက်လန့်ကြရသည့် ပြည်သူ လူထု၏ စုစည်းခိုင်မာမှုအင်အားကို အစဥ်တစိုက် ကြိုးစားထုတ်ဖော်ပြသလျက်ရှိသည့်အတွက် မိမိတို့အားလုံး၏ ရည်ရွယ်ချက်ပန်းတိုင်ဆီသို့ ဧကန်မုချ အရောက်လှမ်းနိုင်မည်ကို ယုံကြည်ပါသည်။

၄။ ကရင်တိုင်းရင်းသားများအနေဖြင့် ခေတ်အဆက်ဆက်တွင် ကရင်အာဇာနည်ခေါင်းဆောင် ကြီးများ မျှော်ရည်ထားရှိခဲ့သော ဒီမိုကရေစီစံနှုန်းများနှင့်အညီ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် တို့ ပြည့်ဝစုံညီသည့် အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကြီးအား လက်တွေ့ကျကျ အကောင်အထည်ဖော်ဆောင် တည်ဆောက်နိုင်ပါစေကြောင်း ဆုမွန်တောင်းလျက် ဤ (၂၇၆၄) ခုနှစ်၊ ကရင်အမျိုးသားနှစ်သစ်ကူးနေ့ သဝဏ်လွှာအား ဂုဏ်ယူစွာ ထုတ်ပြန်အပ်ပါသည်။

The Committee Representing Pyidaungsu Hluttaw

Scroll to Top