၁၁-၃-၂၀၂၅ ရက်နေ့တွင် အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်၌ နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) နှင့် ကုလသမဂ္ဂ အမျိုးသမီးအဖွဲ့ (UN Women) တို့က ပူးပေါင်းကျင်းပခဲ့သည့် “Parliaments and Beijing +30: Resisting the Backlash and Shifting Paradigms Towards Gender Equality” လွှတ်တော်အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ အဖွဲ့ဝင်၊ နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်မြတ်သီတာထွန်း သွားရောက်တက်ရောက်ခဲ့ပါသည်။
အစည်းအဝေး၌ နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌက ဆွေးနွေးရာတွင် “၁-၂-၂၀၂၁ ရက်နေ့တွင် မင်းအောင်လှိုင်ဦးဆောင်သည့် အကြမ်းဖက်စစ်တပ်သည် အာဏာသိမ်းယူခဲ့ပါကြောင်း၊ အကြမ်းဖက်စစ်တပ်အနေဖြင့် လွှတ်တော်အဆောက်အအုံကိုသာ သိမ်းနိုင်ခဲ့ပြီး ပြည်သူ့ဆန္ဒကို အခြေပြုသည့် စစ်မှန်သော အာဏာကို သိမ်းယူနိုင်ခဲ့ခြင်းမရှိပါကြောင်း၊ ထို့ကြောင့် မိမိအနေဖြင့် ယနေ့အစည်းအဝေးတွင် ရှိနေတာ ဖြစ်ပါကြောင်း” ထည့်သွင်းဆွေးနွေးခဲ့ပါသည်။
ထို့ပြင် “၂၀၂၁ ခုနှစ်၊ စစ်အာဏာသိမ်းမှုသည် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ရွေးကောက်ခံ ခေါင်းဆောင်များကို ဖမ်းဆီးခဲ့ပြီး ဒီမိုကရေစီဖြစ်စဉ်များအားလုံးကို ရပ်တန့်စေခဲ့ပါကြောင်း၊ အမျိုးသမီးများ နိုင်ငံရေးတွင် ပါဝင်မှုအရှိန်အဟုန်ကို ပြောင်းပြန်ဖြစ်စေခဲ့ပါကြောင်း၊ စစ်တပ်၏ အမျိုးသမီးခေါင်းဆောင်များ၊ တက်ကြွလှုပ်ရှားသူများနှင့် အဖွဲ့အစည်းဦးဆောင်သူများကို ရပ်တန့်စေခြင်းသည် ကျားမအခြေပြု အကြမ်းဖက်မှုများကို တိုးမြင့်စေခဲ့ပြီး ဆုံးဖြတ်ချက်ပြုမှုကဏ္ဍတွင် အမျိုးသမီးများ၏ အသံများကို တိတ်ဆိတ်စေခဲ့ပါကြောင်း၊ ထို့ပြင် အမျိုးသမီးများ နိုင်ငံရေးတွင် ပါဝင်မှု၊ အမျိုးသမီးဦးဆောင်လှုပ်ရှားမှုများ၊ ကျားမတန်းတူညီမျှကို ကန့်သတ်တားဆီးခဲ့ပြီးဖြစ်ပါကြောင်း” ထည့်သွင်းဆွေးနွေးခဲ့သည်။
အစည်းအဝေး၌ နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်မြတ်သီတာထွန်းသည် “မြန်မာနိုင်ငံ၌ အမျိုးသမီးနိုင်ငံရေးအကျဉ်းချခံထားရသူများ လွတ်မြောက်ရေး၊ အခြေခံလူ့အခွင့်အရေးနှင့် ဖိနှိပ်အကြမ်းဖက်ခံနေရသည့် အမျိုးသမီးခေါင်းဆောင်များကို ပံ့ပိုးကူညီပေးရေး၊ အမျိုးသမီးများ၏ နိုင်ငံရေးအခွင့်အရေးများကို ကာကွယ်ပေးနိုင်ရေးတို့တွင် အတူတကွလုပ်ဆောင်ပေးကြရန်” တိုက်တွန်းခဲ့ပါသည်။
ယင်းအစည်းအဝေးအား ဘေကျင်းကြေညာချက် နှစ် ၃၀ ပြည့် အထိမ်းအမှတ်အဖြစ် ဘေဂျင်းကြေညာချက်နှင့် အကောင်အထည်ဖော်ဆောင်ရွက်မှုကို မြှင့်တင်ခြင်းတွင် လွှတ်တော်များ၏ အခန်းကဏ္ဍကို သုံးသပ်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ပြီး ကျားမတန်းတူရေးနှင့် အမျိုးသမီးများအား နိုင်ငံရေးတွင် ပါဝင်မှုကို မြှင့်တင်နိုင်ရန် လွှတ်တော်ကဏ္ဍက ဆောင်ရွက်သင့်သည်များ ဆွေးနွေးဖလှယ်ခဲ့ကြပါသည်။ ယင်းအစည်းအဝေးသို့ ကမ္ဘာ့နိုင်ငံများမှ လွှတ်တော်ကိုယ်စားလှယ်များနှင့် နိုင်ငံတကာအဖွဲ့အစည်းများ ပါဝင်တက်ရောက်ခဲ့ပါသည်။
The Committee Representing Pyidaungsu Hluttaw





