မူလ / ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအား နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) က ဆက်လက်အသိအမှတ်ပြုကြောင်း ဆုံးဖြတ်

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအား နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) က ဆက်လက်အသိအမှတ်ပြုကြောင်း ဆုံးဖြတ်

၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်

ယနေ့ ၂၃-၁၀-၂၀၂၅ ရက်နေ့တွင် ကျင်းပလျက်ရှိသည့် (၁၅၁) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များညီလာခံ၏ အမှုဆောင်ကောင်စီအစည်းအဝေးက ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) အား နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) ၏ အဓိကဆွေးနွေးဖက်မိတ်ဖက်အဖြစ် ဆက်လက်အသိအမှတ်ပြုကြောင်း ဆုံးဖြတ်ခဲ့သည်။

နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) သည် မြန်မာနိုင်ငံ၌ အကြမ်းဖက်စစ်တပ်က အာဏာသိမ်းမှုနောက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) အား မြန်မာပြည်သူတို့၏ တရားဝင်ကိုယ်စားပြုအဖွဲ့အစည်းအဖြစ် အသိအမှတ်ပြုခဲ့ပြီး ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) အနေဖြင့် IPU ညီလာခံများနှင့် အစည်းအဝေးများသို့ တက်ရောက်ခဲ့သည်။

ယခုဆုံးဖြတ်ချက်သည် အကြမ်းဖက်စစ်အုပ်စုက အတုအယောင်ရွေးကောက်ပွဲကျင်းပရန် ကြေညာထားသည့်အချိန်တွင် ဆက်လက်အတည်ပြုခဲ့ခြင်းဖြစ်ပြီး ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) သည် IPU ၏ အစည်းအဝေးများသို့ မြန်မာကိုယ်စားပြု၍ ဆက်လက်တက်ရောက်သွားမည် ဖြစ်ပါသည်။

မြန်မာ့အရေးဖြေရှင်းမှုတွင် နိုင်ငံတကာအသိုက်အဝန်း၏ အခန်းကဏ္ဍသည် အရေးပါလှသကဲ့သို့ မြန်မာနိုင်ငံ၌ ဖြစ်ပေါ်နေသော ပဋိပက္ခများကို လက်တွေ့ကျပြီး ရေရှည်တည်တံ့သော ဖြေရှင်းမှုဖြင့် ပံ့ပိုးကူညီပေးရန်နှင့် စစ်မှန်သော လွတ်လပ်မှု၊ လုံခြုံမှုနှင့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံရေးစနစ်တည်ဆောက်နိုင်ရေးကို ပြည်သူလူထုက ပြတ်သားခိုင်မာစွာ တောင်းဆို၊ ကြိုးပမ်းနေခြင်းကို ကမ္ဘာတစ်ဝှမ်းက သိမြင်ပြီး ထိရောက်သော အကူအညီများ ရရှိစေရန်အတွက် ပြည်သူတို့နှင့် ပြည်သူ့ဆန္ဒကို ကိုယ်စားပြုလျက် ဆက်လက်ကြိုးပမ်းသွားမည် ဖြစ်ကြောင်း အသိပေး အစီရင်ခံတင်ပြအပ်ပါသည်။

The Committee Representing Pyidaungsu Hluttaw

Scroll to Top