မူလ / အာဏာသိမ်းစစ်တပ်အား အပြစ်ပေးနိုင်ရေး အရေးယူဆောင်ရွက်မှုများပြုလုပ်ပေးရန် နိုင်ငံတကာပါလီမန်များအဖွဲ့ တောင်းဆို

အာဏာသိမ်းစစ်တပ်အား အပြစ်ပေးနိုင်ရေး အရေးယူဆောင်ရွက်မှုများပြုလုပ်ပေးရန် နိုင်ငံတကာပါလီမန်များအဖွဲ့ တောင်းဆို

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်နေ့တွင် ကျင်းပခဲ့သည့် (၁၄၇) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များညီလာခံ၏ အမှုဆောင်ကောင်စီအစည်းအဝေးက “အာဏာသိမ်းစစ်တပ်၏ အပြစ်ပေးခံရခြင်းမှ ကင်းလွတ်နေမှုအား အဆုံးသတ်နိုင်ရေး နိုင်ငံတကာပါလီမန်များအဖွဲ့အနေဖြင့် အရေးယူဆောင်ရွက်မှုများ ပြုလုပ်သွားရန်” တောင်းဆိုတိုက်တွန်းခဲ့သည်။

နိုင်ငံတကာပါလီမန်များအဖွဲ့(IPU) ၏ လွှတ်တော်ကိုယ်စားလှယ်များ၏ လူ့အခွင့်အရေးဆိုင်ရာကော်မတီမှ အစီရင်ခံစာအား အတည်ပြုနိုင်ရေး ဖတ်ကြားတင်သွင်းရာတွင် “၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် စစ်တပ်က လွှတ်တော်ကိုယ်စားလှယ် (၇၂) ဦးအား အကြောင်းပြချက်မရှိ ဖမ်းဆီးထောင်ချခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ လူမဆန်စွာ ပြုမူဆက်ဆံခြင်းတို့အပါအဝင် ဆိုးရွားသော လူ့အခွင့်အရေးချိုးဖောက်မှုများကို ကျူးလွန်လုပ်ဆောင်ခဲ့ကြောင်း၊ တိမ်းရှောင်နေရသည့် လွှတ်တော်ကိုယ်စားလှယ် (၅) ဦးသည် အသက်ဆုံးရှုံးခဲ့ရသည့်အတွက် များစွာ တုန်လှုပ်မိပါကြောင်း၊ ယင်းကဲ့သို့ ရာဇဝတ်မှုကို လုပ်ဆောင်ခဲ့မှုအတွက် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချပါကြောင်း၊ ဖမ်းဆီးထားသည့် လွှတ်တော်ကိုယ်စားလှယ်များကို ချက်ချင်းလွှတ်ပေးရန် စစ်တပ်ကို တောင်းဆိုပါကြောင်း၊ မြန်မာနိုင်ငံမှ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များနှင့်အတူ ရပ်တည်သည့်အနေဖြင့် ကမ္ဘာတစ်ဝှမ်းမှ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် အရေးယူဆောင်ရွက်မှုများ ပြုလုပ်ပေးရန်” ဖော်ပြပါရှိသည်။

မြန်မာလွှတ်တော်ကိုယ်စားလှယ်များအပေါ် လူ့အခွင့်အရေးချိုးဖောက်ခံရမှုဆိုင်ရာ အစီရင်ခံစာ၌ “အစအနဖျောက်ခြင်း၊ ထောင်ချခြင်းနှင့် ညှဉ်းပန်းနှိပ်စက်မှုများကို စနစ်တကျ ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်နေခြင်းသည် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုမြောက်ပါကြောင်း၊ အပြည်ပြည်ဆိုင်ရာ တရားစီရင်မှုစည်းမျဥ်းနှင့်အညီ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် တာဝန်ရှိသူ မည်သူကိုမဆို တရားစွဲဆိုခြင်းဖြင့် မိမိတို့၏ တရားစီရင်ပိုင်ခွင့်ကို ကျင့်သုံးရန် အဖွဲ့ဝင်လွှတ်တော်များက သက်ဆိုင်ရာအာဏာပိုင်များအား တိုက်တွန်းပေးရန်” ထည့်သွင်းဆုံးဖြတ်ထားသည်။

CRPH အဖွဲ့ဝင်များအပါအဝင် ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲတွင် ရွေးကောက်တင်မြှောက်ခံထားရသည့် လွှတ်တော်ကိုယ်စားလှယ်များနှင့် အတူရပ်တည်ကြောင်း ပြသသည့်အနေဖြင့် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီစည်းမျဉ်းများကို လေးစားရေး ဖိအားပေးလုပ်ဆောင်ပေးရန် IPU အဖွဲ့ဝင်များနှင့် လေ့လာသူလွှတ်တော်များကို ထပ်လောင်းတိုက်တွန်းကြောင်းအပါအဝင် အမှုဆောင်ကော်မတီအစည်းအဝေး ဆုံးဖြတ်ချက် (၉) ချက်အား ထည့်သွင်းချမှတ်ခဲ့သည်။ အစီရင်ခံစာအပြည့်အစုံအား ဆက်လက်ထုတ်ပြန်သွားမည် ဖြစ်ပါသည်။

(၁၄၇) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များညီလာခံနှင့် ဆက်စပ်အစည်းအဝေးများအား ၂၃-၁၀-၂၀၂၃ ရက်နေ့မှ ၂၇-၁၀-၂၀၂၃ ရက်နေ့အထိ အန်ဂိုလာနိုင်ငံ၊ လူရမ်ဒါမြို့၌ ကျင်းပခဲ့ပြီး ဒေါက်တာဝင်းမြတ်အေး ဦးဆောင်သည့် မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပါသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် အကြမ်းဖက်စစ်တပ်က ကျူးလွန်လျက်ရှိသည့် ရာဇဝတ်မှုများ၊ လူ့အခွင့်အရေးချိုးဖောက်နေမှုများနှင့်စပ်လျဉ်း၍ အာဏာသိမ်းစစ်တပ်မှ တာဝန်ခံမှုရှိစေရေးနှင့် စစ်တပ်အား အရေးယူဆောင်ရွက်နိုင်ရေးတို့အတွက် နိုင်ငံတကာပါလီမန်များအဖွဲ့နှင့် စဉ်ဆက်မပြတ်ပူးပေါင်းလုပ်ဆောင်လျက်ရှိပါသည်။

The Committee Representing Pyidaungsu Hluttaw

Scroll to Top