ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ ပြည်သူ့ရေးရာကော်မတီသည် ပြည်သူ့ဝန်ထမ်းသူရဲကောင်း CDM များအတွက် အရေးပေါ် ကူညီထောက်ပံ့မှုများအပြင် ပြည်သူလူထုအတွက် ဖက်ဒရယ်ဆိုင်ရာ အသိအမြင်များ မြှင့်တင်နိုင်ရေးလုပ်ငန်းစဉ်များ ဆောင်ရွက်လျက်ရှိရာ International IDEA ၏ ပံ့ပိုးမှုဖြင့် ဖက်ဒရယ်၊ အခွင့်အရေးနှင့် ဖွဲ့စည်းပုံဆိုင်ရာစာအုပ် အစုံ (၁၀၀) အား အင်တာနက်ဖြတ်တောက်ခံရသည့် စိုးမိုးဒေသများသို့ ဖြန့်ဝေခဲ့ပါသည်။
ပြည်သူ့ရေးရာကော်မတီသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ဖော်ဆောင်မှုလုပ်ငန်းစဥ်များတွင် ပြည်သူများအနေဖြင့် ဖက်ဒရယ်၊ အခွင့်အရေးနှင့် ဖွဲ့စည်းပုံဆိုင်ရာ တူညီသောဗဟုသုတနှင့် အသိအမြင်များ ရရှိစေရန် ရည်ရွယ်လျက် International IDEA က ထုတ်ဝေထားသည့် စာအုပ်များအနက် လက်ရှိမြန်မာနိုင်ငံ၏ အခြေအနေများနှင့် အထူးကိုက်ညီအသုံးဝင်မည့် ဖက်ဒရယ်၊ အခွင့်အရေးနှင့် ဖွဲ့စည်းပုံဆိုင်ရာ စာအုပ်(၂၈)အုပ်အပါ အစုံ (၁၀၀) အား ရွေးချယ်၍ ပုံနှိပ်ဖြန့်ဝေခဲ့ပါသည်။
မြန်မာနိုင်ငံတွင် အင်တာနက်ဖြတ်တောက်ခံရပြီး နယ်မြေစိုးမိုးမှုအများဆုံးရှိသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များဖြစ်သော ကချင်ပြည်နယ်၊ ကယား(ကရင်နီ)ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှ သက်ဆိုင်ရာမြို့နယ်များရှိ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်များ၊ ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်များ၊ မြေပြင်ဖက်ဒရယ်ကျောင်းများမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ စစ်ဘေးရှောင်စခန်းများမှ ပြည်သူများ၊ CDM အဖွဲ့များ၊ နယ်စပ်ဒေသရှိ Safe House များမှ လွှတ်တော်ကိုယ်စားလှယ်များ၊ တက္ကသိုလ်ကောင်စီဆရာများသမဂ္ဂနှင့် အခြားမြေပြင်အစုအဖွဲ့များသို့ ကဏ္ဍစုံ ဖြန့်ဝေနိုင်ခဲ့ပါသည်။
The Committee Representing Pyidaungsu Hluttaw







