၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်၊ ကြာသပတေးနေ့ နေ့လယ် (၁၃:၃၀) နာရီအချိန်တွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာကော်မတီက ဦးဆောင်၍ ပြည်သူ့ရေးရာကော်မတီ၊ လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာကော်မတီနှင့် ပညာရေးကော်မတီတို့သည် နွေဦးတော်လှန်ရေးအတွင်း ကိုယ်အင်္ဂါစွန့်လွှတ်ခဲ့ရသည့် ရဲဘော်များနှင့် စစ်ရှောင်လူငယ်များ ပညာဆက်လက်သင်ကြားနိုင်ရေးသာမက အသက်မွေးဝမ်းကျောင်းပညာရပ်များ သင်ကြားနိုင်ရေးအတွက် တွေ့ဆုံဆွေးနွေးမှုအား ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ပြုလုပ်ခဲ့သည်။
အစည်းအဝေးအား ရည်ရွယ်ချက် (၅) ချက်ဖြင့် ကျင်းပပြုလုပ်ခဲ့ပြီး ရေးရာကော်မတီ (၄) ရပ်မှ ကော်မတီအဖွဲ့ဝင်များအနေဖြင့် နွေဦးတော်လှန်ရေးအတွင်း စစ်အာဏာရှင်များအား တော်လှန်ရင်း ကိုယ်အင်္ဂါဆုံးရှုံးသွားသော ရဲဘော်များနှင့် စစ်ဘေးရှောင်ပြည်သူလူငယ်များ ပညာဆက်လက်သင်ယူနိုင်ရေး၊ နိုင်ငံခြားပညာတော်သင်စေလွှတ်နိုင်ရေးနှင့် အသက်မွေးဝမ်းကျောင်း ပညာရပ်များ သင်ယူတတ်မြောက်နိုင်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် မည်သို့ချိတ်ဆက်ဆောင်ရွက်သွားနိုင်ကြောင်း ကနဦး ဆွေးနွေးပြောကြားခဲ့ကြသည်။ ထို့နောက် အသက်မွေးဝမ်းကျောင်းဆိုင်ရာပညာရပ်များတွင် နည်းပညာဆိုင်ရာ၊ စာပေအနုပညာဆိုင်ရာ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အိမ်တွင်းလက်မှုဆိုင်ရာ အစရှိသော ပညာရပ်များအား ဆက်လက်သင်ယူလေ့လာသွားနိုင်ရေးအတွက် ဆောင်ရွက်သင့်သည့်လုပ်ငန်းစဥ်များ ချမှတ်၍ အကောင်အထည်ဖော်သင့်ကြောင်း၊ ကိုယ်အင်္ဂါစွန့်လွှတ်လိုက်ရသော ရဲဘော်များ၏ အချက်အလက်များအား စနစ်တကျ စုဆောင်း၍ ခြေတု၊ လက်တု၊ မျက်လုံးအတု အစရှိသည်တို့အား ကာကွယ်ရေးဝန်ကြီးဌာနနှင့် ချိတ်ဆက်၍ ပိုမိုဖြည့်ဆည်းပေးနိုင်အောင် ပူးပေါင်းဆောင်ရွက်သင့်ကြောင်း၊ ပြည်တွင်း၊ ပြည်ပ စစ်ဘေးရှောင်များအတွက် သက်ဆိုင်ရာကဏ္ဍအလိုက် ဝန်ကြီးဌာနများနှင့် ပူးပေါင်း၍ မူဝါဒများ ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်သင့်ကြောင်း၊ Mental Health အတွက် ပြန်လည်ကုစားပေးနိုင်ရေးအပိုင်းများ ဆောင်ရွက်ရန် လိုအပ်ကြောင်း ဆွေးနွေးခဲ့ကြကာ ရှေ့ဆက်လုပ်ငန်းစဥ်များ ဆုံးဖြတ်အတည်ပြု၍ အစည်းအဝေးအား (၁၅:၃၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့သည်။
အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ ရေးရာကော်မတီ(၄)ရပ်မှ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
The Committee Representing Pyidaungsu Hluttaw



