မူလ / ဖက်ဒရယ်စနစ်ကျင့်သုံးလျက်ရှိသော ပြည်ထောင်စုနိုင်ငံများနှင့်စပ်လျဥ်းသည့် အပတ်စဥ် လေ့လာဆွေးနွေးပွဲများအားအောင်မြင်စွာ ပြုလုပ်ကျင်းပနိုင်ခဲ့

ဖက်ဒရယ်စနစ်ကျင့်သုံးလျက်ရှိသော ပြည်ထောင်စုနိုင်ငံများနှင့်စပ်လျဥ်းသည့် အပတ်စဥ် လေ့လာဆွေးနွေးပွဲများအားအောင်မြင်စွာ ပြုလုပ်ကျင်းပနိုင်ခဲ့

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ ဖက်ဒရယ်ရေးရာကော်မတီသည် International IDEA ၏ ထောက်ပံ့ကူညီမှုဖြင့် ဖက်ဒရယ်စနစ်ကျင့်သုံးလျက်ရှိသော ပြည်ထောင်စုနိုင်ငံများနှင့်စပ်လျဥ်းသည့် အပတ်စဥ် လေ့လာဆွေးနွေးမှုများအား ပြည်တွင်းကျွမ်းကျင်ပညာရှင် ဦးကျော်စွာက ဦးဆောင်၍  လွှတ်တော်ကိုယ်စားလှယ်များနှင့် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် အပတ်စဥ် ကျင်းပပြုလုပ်ခဲ့ရာတွင် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ၊ ဒုတိယပတ်မှစ၍ ၂၀၂၄ ခုနှစ်၊ မေလ၊ စတုတ္ထအပတ်အထိ သင်တန်းချိန် (၂၄) ကြိမ်အား အောင်မြင်စွာ ပြီးမြောက်ခဲ့ပြီး ဖြစ်သည်။

အဆိုပါဆွေးနွေးပွဲများတွင် ကမ္ဘာပေါ်ရှိ ဖက်ဒရယ်စနစ်ကျင့်သုံးလျက်ရှိသော နိုင်ငံများအနက်မှ ဆွစ်ဇာလန်နိုင်ငံ၊ နိုင်ဂျီးရီးယားနိုင်ငံ၊ ဘယ်လ်ဂျီယမ်နိုင်ငံ၊ ပါကစ္စတန်နိုင်ငံ၊ မလေးရှားနိုင်ငံ၊ မက္ကဆီကိုနိုင်ငံ၊ ရုရှားနိုင်ငံ၊ အာဂျင်တီးနားနိုင်ငံ၊ နီပေါနိုင်ငံ၊ ဂျာမနီနိုင်ငံနှင့် အမေရိကန်နိုင်ငံ စသည့်နိုင်ငံများတွင် သမိုင်းအဆက်ဆက် ဖက်ဒရယ်စနစ်လက်ခံကျင့်သုံးပုံများအား အသေးစိတ် လေ့လာသုံးသပ်မျှဝေနိုင်ခဲ့သည်။

အပတ်စဥ် ဆွေးနွေးပွဲများတွင် နိုင်ငံတစ်နိုင်ငံချင်းစီ၏ ဖက်ဒရယ်နိုင်ငံရေး သမိုင်းကြောင်းများ၊ ဖက်ဒရယ်နိုင်ငံရေးစနစ်၊ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ၊ အခြေခံအခွင့်အရေးဆိုင်ရာအာမခံချက်များ၊  ဥပဒေပြုရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ အာဏာခွဲဝေမှု၊ လုပ်ပိုင်ခွင့်နှင့်အာဏာများ၊ ပြည်ထောင်စု၊ ပြည်နယ်နှင့် ဒေသန္တရအဆင့် အုပ်ချုပ်ရေးအာဏာ၊ ပြည်ထောင်စုနှင့် ပြည်နယ်လွှတ်တော်ဖွဲ့စည်းမှုများနှင့် အခန်းကဏ္ဍများ၊ ဘဏ္ဍာရေးစနစ်များ၊ ပြည်ထောင်စု၊ ပြည်နယ်၊ ယူနစ်နယ်မြေများ၊ လူမျိုးများ၊ ဘာသာစကား၊ နိုင်ငံရေးပါတီများ၊ နိုင်ငံအရွယ်အစားနှင့် ဒီဇိုင်းများအား လေ့လာခဲ့ကြပြီး အားနည်းချက်၊ အားသာချက်များအပါအဝင် မိမိတို့ နိုင်ငံအတွက် သင့်လျော်မည့်အချက်များနှင့် ရှောင်ကျဉ်သင့်သည့်အချက်များအား ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲများသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအဖွဲ့ဝင်များ၊  ရေးရာကော်မတီများမှ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ပြည်ထောင်စုနှင့် တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်လေ့လာ ဆွေးနွေးခဲ့ကြသည်။

The Committee Representing Pyidaungsu Hluttaw

Scroll to Top