မူလ / APHR ၏ နှစ်ပတ်လည်ဖိုရမ်နှင့် (၁၄၆) ကြိမ်မြောက် IPU Assembly သို့ တက်ရောက်ဆွေးနွေးခဲ့မှု အခြေအနေများနှင့်စပ်လျဥ်း၍ ပြန်လည်ရှင်းလင်းတင်ပြ

APHR ၏ နှစ်ပတ်လည်ဖိုရမ်နှင့် (၁၄၆) ကြိမ်မြောက် IPU Assembly သို့ တက်ရောက်ဆွေးနွေးခဲ့မှု အခြေအနေများနှင့်စပ်လျဥ်း၍ ပြန်လည်ရှင်းလင်းတင်ပြ

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် ဘဏ္ဍာရေးရာကော်မတီ၊ အတွင်းရေးမှူး ဦးနေမျိူးထက်တို့က APHR ၏ နှစ်ပတ်လည်ဖိုရမ်နှင့် (၁၄၆) ကြိမ်မြောက် IPU Assembly သို့ တက်ရောက်ခဲ့ပြီး ဆွေးနွေးခဲ့မှုအခြေအနေများ ရှင်းလင်းတင်ပြခြင်းအစီအစဥ်တစ်ရပ်အား ၂၀၂၃ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့၊ ၁၉၀၀ နာရီတွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် က အဖွင့်အမှာစကားပြောကြားပြီးနောက် ဒေါက်တာဝင်းမြတ်အေး က အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့တွင်  ၃-၃-၂၀၂၃ ရက်နေ့မှ ၅-၃-၂၀၂၃ ရက်နေ့အထိ (၃)ရက်ကြာ ကျင်းပခဲ့သော APHR ၏ နှစ်ပတ်လည်ဖိုရမ်တွင် နေ့ရက်အလိုက် ပါဝင်ဆွေးနွေးခဲ့သော Panel Discussions ပါ အကြောင်းအရာများ၊ Parliamentarians at Risk စာအုပ်မိတ်ဆက်ဖြန့်ချိရေးကိစ္စများ၊ “ CRPH Calls to End Violence to Restore Democracy” ခေါင်းစဥ်ဖြင့် ပါဝင်ဆွေးနွေးခဲ့မှု အခြေအနေနှင့် APHR Annual Report 2022 တို့ကို အသေးစိတ်ပြန်လည်ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် ဦးနေမျိုးထက်က MPs at Risk ခေါင်းစဥ်ဖြင့် ဆွေးနွေးခဲ့မှုအခြေအနေများအား တင်ပြခဲ့သည်။

ဆက်လက်၍ ဒေါက်တာဝင်းမြတ်အေး က ဘာရိန်းနိုင်ငံ၊ မနားမားမြို့တွင်  ၁၁-၃-၂၀၂၃ ရက်နေ့မှ ၁၅-၃-၂၀၂၃ ရက်နေ့အထိ (၃)ရက်ကြာ ကျင်းပခဲ့သော (၁၄၆) ကြိမ်မြောက် IPU Assembly တွင် တွေ့ဆုံဆွေးနွေးခဲ့သည့် အကြောင်းအရာများ၊ ဆွေးနွေးချက်များနှင့် ဆက်လက်ချိတ်ဆက် တွေ့ဆုံသင့်သည့်လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများစာရင်းအား အသေးစိတ် ရှင်းလင်းတင်ပြရာ တက်ရောက်လာသည့် ကော်မတီဝင်များက သိရှိလိုသည်များအား မေးမြန်းခဲ့ကြပြီး တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြသည်။

ထို့နောက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ဆက်လက်ကျင်းပခဲ့ပြီး ၂၃၁၀ နာရီတွင် ရုပ်သိမ်းခဲ့သည်။

အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးများနှင့် အဖွဲ့ဝင်များ၊ နိုင်ငံတကာဆက်ဆံရေးကော်မတီမှ အဖွဲ့ဝင်များ၊ ဒေါက်တာဝင်းမြတ်အေးနှင့် ဦးနေမျိုးထက်တို့ အသီးသီး တက်ရောက်ခဲ့ကြသည်။

The Committee Representing Pyidaungsu Hluttaw

Scroll to Top