ဘာရိန်းနိုင်ငံ၊ မနားမားမြို့၌ ကျင်းပလျက်ရှိသည့် (၁၄၆) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များညီလာခံနှင့် ဆက်စပ်အစည်းအဝေးများသို့ လေ့လာသူအဖြစ် တက်ရောက်လျက်ရှိသည့် မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့သည် ၁၄-၃-၂၀၂၃ ရက်နေ့၌ ကျင်းပခဲ့သည့် “Panel Discussion: Parliamentary solidarity with MPs at risk” ဆွေးနွေးပွဲသို့ တက်ရောက်၍ အကြမ်းဖက် စစ်တပ်၏ ဥပဒေမဲ့ အာဏာသိမ်းမှုနောက် မြန်မာရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များအပေါ်၌ ကျူးလွန်လုပ်ဆောင်ခဲ့သည့် ဆိုးရွားသော လူ့အခွင့်အရေးချိုးဖောက်မှုများကို ရှင်းလင်းတင်ပြခဲ့သည်။
ယင်းဆွေးနွေးပွဲတွင် မတရားဖမ်းဆီးခံထားရသည့် လွှတ်တော်ကိုယ်စားလှယ်များ၏ အခြေအနေများ၊ မိသားစုဝင်များ၊ ဆွေမျိုးများအပေါ် ခြိမ်းခြောက်ဖမ်းဆီးမှုများနှင့် ပိုင်ဆိုင်မှုများ ဖျက်ဆီးသိမ်းယူထားမှုအခြေအနေများ၊ ဖမ်းဆီးပြီးနောက် လူမဆန်စွာ သတ်ဖြတ်ခံခဲ့ရသည့် ဘီးလင်းမဲဆန္ဒနယ်အမှတ်(၂)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မျိုးမင်း အပါအဝင် တိမ်းရှောင်နေစဉ်အတွင်း ဆေးကုသမှုအခက်အခဲကြောင့် သေဆုံးခဲ့ရသည့် လွှတ်တော်ကိုယ်စားလှယ်များ၏ အခြေအနေများနှင့် မြန်မာလွှတ်တော်ကိုယ်စားလှယ်များ ရင်ဆိုင်ကြုံတွေ့နေရသည့် ဆိုးရွားသော လူ့အခွင့်အရေးချိုးဖောက်ခံရမှုများကို ထည့်သွင်းဆွေးနွေးတင်ပြခဲ့သည်။
ထို့ပြင် အာဏာသိမ်းစစ်တပ်၏ လူမဆန်သော အကြမ်းဖက်မှုများကြားမှ မြန်မာနိုင်ငံ၌ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး ပြန်လည်ရရှိရန် ကြိုးပမ်းနေမှုများ၊ အားလုံးပါဝင်နိုင်မည့် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်နိုင်ရေးကြိုးပမ်းမှုများတွင် ကမ္ဘာတစ်ဝန်းမှ လွှတ်တော်များနှင့် လွှတ်တော်ကိုယ်စားလှယ်များက လက်တွေ့ကျသော ပူးပေါင်းကူညီမှုများ ဆောင်ရွက်ပေးရန် တောင်းဆိုတိုက်တွန်းခဲ့သည်။
ယနေ့အချိန်အထိ အာဏာသိမ်းစစ်ကောင်စီက ၂၀၂၀ ပြည့်နှစ်၊ ရွေးကောက်ပွဲများမှ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း (၁၂၅) ဦးအား ဥပဒေမဲ့ ဖမ်းဆီးခဲ့ပြီး လက်ရှိအချိန်အထိ ပြည်ထောင်စုနှင့် တိုင်းဒေသကြီး/ပြည်နယ် ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ် (၈၇) ဦးသည် ဖမ်းဆီးခံထားရဆဲ ဖြစ်ပါသည်။
The Committee Representing Pyidaungsu Hluttaw




