ပညာရေးကော်မတီသည် ဩစတြေးလျနိုင်ငံမှ ပါလီမန်အမတ် Janelle Saffin၊ ပညာရှင် Professor Joseph Lo Bianco တို့နှင့် တွေ့ဆုံ၍ ဖက်ဒရယ်ပညာရေးဆိုင်ရာကဏ္ဍများနှင့် စပ်လျဥ်းသည့် ဆွေးနွေးပွဲတစ်ခုအား ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်နေ့ ၁၅:၀၀ နာရီအချိန်တွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ပြုလုပ်ခဲ့သည်။
တွေ့ဆုံဆွေးနွေးပွဲ၌ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ အတွင်းရေးမှူး ဒေါ်ဖြူဖြူသင်းနှင့် ဩစတြေးလျပါလီမန်အမတ် Janelle Saffin တို့က အဖွင့်နှုတ်ခွန်းဆက်စကား အသီးသီးပြောကြားပြီးနောက် သြစတေးလျပညာရှင် Professor Joseph Lo Bianco က ဖက်ဒရယ်ပညာရေးစနစ်အား ဖော်ဆောင်ရာတွင် မိခင်ဘာသာစကား၏ အရေးပါပုံများအပါအဝင် ဒေသန္တရအဆင့်တွင် ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များနှင့် လုပ်ပိုင်ခွင့်များ၊ ကမ္ဘာ့နိုင်ငံများတွင် ဖက်ဒရယ်ပညာရေးစနစ် ကောင်းမွန်စွာ ဖော်ဆောင်နေသည့် အခြေအနေများ၊ ဖက်ဒရယ်ပညာရေးစနစ်ကို ကျင့်သုံးခြင်းဖြင့် ပညာရေးကဏ္ဍအတွက် တိုးတက်လာနိုင်မည့် အခြေအနေများနှင့် ကောင်းကျိုးများ၊ နိုင်ငံ၏ အနာဂတ်တွင် ဆောင်ရွက်ရမည့် ရှေ့လုပ်ငန်းစဥ်များ၌ ရင်းနှီးမြှုပ်နှံသင့်သည့် အချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာသူများက သိရှိလိုသည်များ ဆွေးနွေးမေးမြန်း၍ ရှေ့ဆက်မည့် ပညာရေးဆိုင်ရာလုပ်ငန်းစဥ်များအတွက် သီးခြားခေါင်းစဥ်များဖြင့် ထပ်မံတွေ့ဆုံဆွေးနွေးသွားမည်ကို ဆုံးဖြတ်ချက်ချကာ တွေ့ဆုံပွဲအား ၁၆:၄၀ နာရီအချိန်တွင် ရုပ်သိမ်းခဲ့သည်။
ယခုဆွေးနွေးပွဲကို တိုင်းရင်းသားလူမျိုးပေါင်းစုံနေထိုင်သည့် နိုင်ငံတစ်နိုင်ငံတွင် မိခင်ဘာသာစကားဖြင့် ဖက်ဒရယ်ပညာရေးစနစ် အကောင်အထည်ဖော်နိုင်ရေးအတွက် အခြေခံနည်းလမ်းများအား သိရှိလေ့လာနိုင်စေရန် ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်သည်။
ဆွေးနွေးပွဲသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ အတွင်းရေးမှူး ဒေါ်ဖြူဖြူသင်း၊ ပညာရေးကော်မတီဥက္ကဋ္ဌ ဦးရောဘတ်ညေးရယ်နှင့် အဖွဲ့ဝင်များ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့ရှိ လွှတ်တော်ကိုယ်စားပြုကော်မတီများမှ ပညာရေးကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။
The Committee Representing Pyidaungsu Hluttaw

