၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်နေ့ (အင်္ဂါနေ့)တွင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH), အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC), အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ခေါင်းဆောင်များက နော်ဝေနိုင်ငံရေးပါတီများမှ ပါလီမန်အမတ်များနှင့် တွေ့ဆုံ၍ CRPH, NUCC, NUG တို့၏ ဆောင်ရွက်နေမှုများ၊ NUG နှင့် နော်ဝေအစိုးရတို့ ပူးပေါင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများ၊ နော်ဝေပါလီမန်က အထောက်အကူ ပြုနိုင်မည့် နည်းလမ်းများ၊ ICC, ICJ နှင့် နိုင်ငံအချို့တွင် စစ်ကောင်စီအား တရားစွဲဆိုနိုင်ရန် ဆောင်ရွက်နေမှုများ၊ NUG ၏ သံတမန်ရေးဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုများနှင့် ရင်ဆိုင်နေရဆဲ ဖြစ်သည့် စိန်ခေါ်မှုများ၊ နော်ဝေနိုင်ငံအနေဖြင့် NUG ကို သံတမန်ရေးရာအဆင့်မြှင့်တင် ဆက်ဆံမှုပြုပါရန် ကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။
တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဌက CRPH ၏ ရပ်တည်ချက်၊ မူဝါဒနှင့် ဆောင်ရွက်နေမှုများ၊ အာဏာသိမ်း စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်များ၊ စစ်ဘေးရှောင်ပြည်သူများနှင့် CDM ဝန်ထမ်းများအတွက် လိုအပ်လျက်ရှိသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ လိုအပ်နေမှုများ၊ စစ်တပ်၏ တရားမဝင် အာဏာသိမ်းမှု ထွက်ပေါက်အဖြစ် အတုအယောင် ရွေးကောက်ပွဲကျင်းပ၍ ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများမှ ကင်းလွှတ်နိုင်စေရန် ကြိုးပမ်းနေမှုများ တို့ကို ဆွေးနွေးတင်ပြခဲ့ပြီး မြန်မာပြည်သူများအား ကူပေးနိုင်ရေးနှင့် လက်ရှိ ပဋိပက္ခအား အဆုံးသတ်နိုင်ပြီး ဒီမိုကရေစီ ပြန်လည်ရရှိရေးအတွက် NUG နှင့် CRPH တို့အား နော်ဝေပါလီမန်က တရားဝင်အသိအမှတ်ပြုပေးရေး ဆုံးဖြတ်ချက်တစ်ရပ်ချမှတ်ပေးရန်၊ မြန်မာပြည်သူများ၏ အသက်များစွာကို ကာကွယ်ပေးနိုင်ရန် တရားမဝင် အာဏာသိမ်းစစ်ကောင်စီအား နော်ဝေအစိုးရက အကြမ်းဖက်အဖြစ် သတ်မှတ်ပေးရေး ဆုံးဖြတ်ချက်တစ်ရပ် ချမှတ်ပေးရန်နှင့် နော်ဝေအစိုးရက မြန်မာပြည်သူကိုယ်စားပြု CRPH, NUCC နှင့် NUG တို့အား တရားဝင်အသိအမှတ်ပြုပေးပြီး ထိရောက်၍ လက်တွေ့ကျစွာ ပူးပေါင်းဆောင်ရွက်ပေးရေးအတွက် နော်ဝေလွှတ်တော်ကိုယ်စားလှယ်များက ကူညီကြိုးပမ်းပေးရန် တိုက်တွန်းတောင်းဆိုခဲ့သည်။
နော်ဝေနိုင်ငံပါလီမန် အဖွဲ့ကလည်း နော်ဝေနိုင်ငံအနေဖြင့် မြန်မာပြည်သူများ၏ ဒီမိုကရေစီကြိုးပမ်းမှုကို အမြဲမပြတ် အားပေးလျက်ရှိကြောင်း၊ မြန်မာနိုင်ငံတွင် ဒီမိုကရေစီပြန်လည်ရှင်သန်ရေးနှင့် အနာဂတ် ဖက်ဒရယ် ပြည်ထောင်စု တည်ထောင်ရေးအတွက် အားပေးထောက်ခံကူညီမှုများလုပ်ဆောင်ရန် အမြဲမပြတ် ပြင်ဆင်လျက် ရှိကြောင်းတို့ကို ပြောကြားခဲ့ကြပါသည်။ ထို့အပြင် မြန်မာနိုင်ငံအတွက် လူသားချင်း စာနာမှု အကူအညီများ၊ နိုင်ငံရေးအင်အားစုများ၏ လှုပ်ရှားမှုများနှင့်ပတ်သက်၍ အားပေးထောက်ခံမှုအစီအစဉ်များကို နော်ဝေလွှတ်တော်မှ တင်ပြပြီး နော်ဝေနိုင်ငံအနေဖြင့် ထိရောက်သော အကူအညီများပေးနိုင်ရေး စီမံချက်တစ်ခု တိတိကျကျ ပေါ်ထွန်းလာရေး ဆက်လက်လုပ်ဆောင်သွားမည့်အကြောင်းကို ကတိပြုပြောကြားသွားခဲ့သည်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ နော်ဝေလွှတ်တော်အမတ် Mr. Ola Elvestuen ဦးဆောင်သော လွှတ်တော်ကိုယ်စားလှယ်များ၊ University of Oslo မှ ပါမောက္ခ Kristain Stokke ၊ CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်၊ မြန်မာအလုပ်သမားတပ်ပေါင်းစု၊ NUCC မှ ဦးမောင်မောင်၊ ဦးတိုးကျော်လှိုင်၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) မှ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအောင်မျိုးမင်း၊ လူသားချင်း စာနာထောက်ထားရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ အမျိုးသမီး၊ လူငယ်နှင့်ကလေး သူငယ်ရေးရာ ပြည်ထောင်စုဝန်ကြီး နော်စူစန်နာလှလှစိုး၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဦးမိုးဇော်ဦး၊ နော်ဝေနိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ် ဦးမောင်မောင်မြင့်နှင့် နော်ဝေနိုင်ငံရေးပါတီများမှ ပါလီမန်အမတ်များ တက်ရောက်ခဲ့ကြသည်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ




