မူလ / (၂၁၂) ကြိမ်မြောက် IPU အမှုဆောင်ကောင်စီအစည်းအဝေးက မြန်မာလွှတ်တော် ကိုယ်စားလှယ်များအပေါ် လူ့အခွင့်အရေးချိုးဖောက်ခံရမှုအခြေအနေများနှင့်စပ်လျဉ်း၍ ဆုံးဖြတ်ချက်တွင် ထည့်သွင်းချမှတ်အတည်ပြုခဲ့

(၂၁၂) ကြိမ်မြောက် IPU အမှုဆောင်ကောင်စီအစည်းအဝေးက မြန်မာလွှတ်တော် ကိုယ်စားလှယ်များအပေါ် လူ့အခွင့်အရေးချိုးဖောက်ခံရမှုအခြေအနေများနှင့်စပ်လျဉ်း၍ ဆုံးဖြတ်ချက်တွင် ထည့်သွင်းချမှတ်အတည်ပြုခဲ့

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်နေ့မှ ၂၇ ရက်နေ့အထိ အန်ဂိုလာနိုင်ငံ၊ လူရမ်ဒါမြို့၌ ကျင်းပခဲ့သည့် (၁၄၇) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များညီလာခံ၏ အမှုဆောင်ကော်မတီအစည်းအဝေးက ကမ္ဘာတစ်ဝှမ်းရှိ လွှတ်တော်ကိုယ်စားလှယ်များအပေါ် လူ့အခွင့်အရေးချိုးဖောက်ခံရမှုအခြေအနေများနှင့်စပ်လျဉ်း၍ ဆုံးဖြတ်ချက်အား ၂၇-၁၀-၂၀၂၃ ရက်နေ့၌ ချမှတ်အတည်ပြုရာတွင် အကြမ်းဖက်စစ်တပ်က တရားမဝင်အာဏာသိမ်းမှုနောက် ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များအပေါ် ကျူးလွန်လုပ်ဆောင်ခဲ့သည့် လူ့အခွင့်အရေးချိုးဖောက်နေမှုများနှင့်စပ်လျဉ်း၍ ထည့်သွင်းဆုံးဖြတ်ခဲ့ပါသည်။

အာဏာသိမ်းစစ်တပ်၏ အကြောင်းပြချက်မဲ့ ဖမ်းဆီးထိန်းသိမ်းခံရသည့် လွှတ်တော်ကိုယ်စားလှယ် (၄၀) ဦး ရှိပြီဖြစ်ကာ (၃၁) ဦးသည် ထိန်းသိမ်းခံထားရဆဲဖြစ်သည်ဟု ဖော်ပြထားပြီး ဖမ်းဆီးခံရသည့် လွှတ်တော်ကိုယ်စားလှယ်များသည် ဆေးဝါးကုသခွင့်နှင့် ဥပဒေအကြံဉာဏ်များ အနည်းငယ် (သို့) လုံးဝမရရှိခြင်းနှင့်အတူ ညှဉ်းပန်းနှိပ်စက်ခြင်း၊ ကျား-မ အခြေပြု အကြမ်းဖက်ခံရခြင်းနှင့် လူမဆန်စွာ ဆက်ဆံခံရမှုများကို ကြုံတွေ့နေရကြောင်း မျက်မြင် တွေ့ရှိခဲ့ရသူများ ပြောပြချက်အရ သိရှိခဲ့ရသည်ဟု ဆုံးဖြတ်ချက်တွင် ပါရှိသည်။

၂၀၂၂ ခုနှစ်၊ မတ်လတွင် ကျင်းပခဲ့သည့် IPU လွှတ်တော်ကိုယ်စားလှယ်များ၏ လူ့အခွင့်အရေးဆိုင်ရာကော်မတီ ကြားနာပွဲ၌ ကုလသမဂ္ဂအထူးအစီရင်ခံစာ တင်သွင်းသူက နိုင်ငံတကာအသိုက်အဝန်းတစ်ခုလုံးမှ စစ်တပ်အာဏာပိုင်များအပေါ် ထိရောက်စွာ ဖိအားပေးရန်နှင့် မြန်မာစစ်တပ်သည် နိုင်ငံအချို့ထံမှ ပြည်သူများကို သတ်ဖြတ်မည့် စစ်လက်နက်များကို လက်ခံရရှိနေခြင်းကြောင့် မြန်မာစစ်တပ်အပေါ် လက်နက်စီးဆင်းမှုကို ပိတ်ပင်တားဆီးရန်လည်း ထပ်မံတောင်းဆိုခဲ့သည်ဟု ဆိုသည်။

ထို့ပြင် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် တာဝန်ရှိသူမည်သူမဆို မိမိတို့ နယ်မြေပိုင်နက်သို့ လာရောက်ပါက တရားစွဲခြင်းဖြင့် မိမိတို့၏ တရားစီရင်ပိုင်ခွင့်ကို ကျင့်သုံးရန် သက်ဆိုင်ရာ အာဏာပိုင်များကို တိုက်တွန်းပေးရန်၊ CRPH အဖွဲ့ဝင်များအပါအဝင် ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲမှ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များနှင့် တညီတညွတ်တည်းရပ်တည်ကြောင်း ပြသရန်နှင့် မြန်မာနိုင်ငံတွင် ဒီမိုကရေစီ စည်းမျဉ်း၊ စည်းကမ်းများနှင့် လူ့အခွင့်အရေးများအပေါ် လေးစား လိုက်နာမှုရှိစေရန်အတွက် ဖိအားပေးလုပ်ဆောင်ကြရန် IPU အဖွဲ့ဝင်လွှတ်တော်များ၊ အမြဲတမ်းလေ့လာသူများကို တောင်းဆိုထားသည်။

နိုင်ငံတကာပါလီမန်များအဖွဲ့သည် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအား မြန်မာနိုင်ငံ၏ တရားဝင်လွှတ်တော်အဖွဲ့အစည်းတစ်ရပ်အဖြစ် အသိအမှတ်ပြုထားပြီး ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် မြန်မာ့ဒီမိုကရေစီရရှိရေးကြိုးပမ်းမှုအပေါ် နိုင်ငံတကာလွှတ်တော်အသိုက်အဝန်း၏ လက်တွေ့ကျသော ပံ့ပိုးကူညီမှုများရရှိရေးအတွက် နိုင်ငံတကာပါလီမန်များအဖွဲ့၊ နိုင်ငံတကာလွှတ်တော်များ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ https://www.ipu.org/file/13777/download

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

Scroll to Top