မူလ / အကြမ်းဖက်စစ်ကောင်စီက ဦးဆောင်ကျင်းပမည့် အာဆီယံအဖွဲ့ဝင် လေတပ်ကာကွယ်ရေးဦးစီးချုပ်များ ညီလာခံကို ပါဝင်တက်ရောက်ခြင်းအား ဖျက်သိမ်းရန် တောင်းဆိုတိုက်တွန်းချက်

အကြမ်းဖက်စစ်ကောင်စီက ဦးဆောင်ကျင်းပမည့် အာဆီယံအဖွဲ့ဝင် လေတပ်ကာကွယ်ရေးဦးစီးချုပ်များ ညီလာခံကို ပါဝင်တက်ရောက်ခြင်းအား ဖျက်သိမ်းရန် တောင်းဆိုတိုက်တွန်းချက်

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်

၁။ အာဆီယံအဖွဲ့ဝင် နိုင်ငံများ၏ လေတပ်ကာကွယ်ရေးဦးစီးချုပ်များညီလာခံအား ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်နေ့မှ ၁၅ ရက်နေ့အထိ မြန်မာနိုင်ငံ၊ နေပြည်တော်တွင် တရားမဝင် အာဏာသိမ်းစစ်ကောင်စီက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ လေတပ်ဦးစီးချုပ်များ၊ ကိုယ်စားလှယ်များ တက်ရောက်ရန်ရှိကြောင်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီအနေဖြင့် လေ့လာသိရှိရပါသည်။

၂။ လက်ရှိမြန်မာနိုင်ငံတွင် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲမှတစ်ဆင့် ပြည်သူလူထုက ရွေးကောက်တင်မြှောက်ထားသော အရပ်သားအစိုးရအား ပုန်ကန်၍ ဥပဒေနှင့် ညီညွတ်မှုမရှိဘဲ အာဏာလုယူမှုကို ကျူးလွန်ခဲ့သည့် မင်းအောင်လှိုင်ခေါင်းဆောင်သည့် အကြမ်းဖက် စစ်ကောင်စီသည် နိုင်ငံတော်အာဏာကို ချုပ်ကိုင်နိုင်ရေးအတွက် နိုင်ငံတစ်ဝှမ်း၌ ပြင်းထန်သော လေကြောင်းတိုက်ခိုက်မှုများ အပါအဝင် စစ်ရာဇဝတ်မှုများ၊ လူမဆန်သော သတ်ဖြတ်မှုများ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့်ရာဇဝတ်မှုများနှင့် အကြမ်းဖက်မှုပုံစံအမျိုးမျိုးဖြင့် ပြည်သူ များအပေါ် တိုးမြှင့်ကျူးလွန်နေသည့် အချိန်အခါဖြစ်သည်။

၃။ ဤသို့သော အခြေအနေအချိန်အခါတွင် အထက်ပါညီလာခံကို အာဆီယံအဖွဲ့ဝင်နိုင်ငံ များမှ ပါဝင်တက်ရောက်ခြင်းသည် တရားမဝင်စစ်ကောင်စီ၏ အကြမ်းဖက်သတ်ဖြတ်တိုက်ခိုက် မှုများ ဆက်လက်ကျူးလွန်ခြင်းကို အားပေးရာရောက်ခြင်းကြောင့် အဆိုပါညီလာခံကို ပါဝင် တက်ရောက်ခြင်းအား ဖျက်သိမ်းပေးရန် ပြည်သူလူထုကိုယ်စားပြုမှုကို တရားဝင်ရရှိထားသည့် ကျွန်ုပ်တို့ မြန်မာ့လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် မြန်မာပြည်သူများကိုယ်စား အာဆီယံ အဖွဲ့ဝင်နိုင်ငံများသို့ လေးလေးနက်နက် တိုက်တွန်းလိုက်ပါသည်။

၄။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းရန် ကြိုးပမ်းသည့်အချိန်မှ ယနေ့ အချိန်အထိ အကြမ်းဖက်စစ်ကောင်စီသည် ပြည်သူပေါင်း ၄,၀၀၀ ကျော်အား သတ်ဖြတ်ခဲ့ပြီး ပြည်သူ့နေအိမ် ၈၀,၀၀၀ ကျော် မီးရှို့ဖျက်ဆီးခဲ့ပြီး ဖြစ်ပါသည်။ အကြမ်းဖက်စစ်ကောင်စီက နိုင်ငံတစ်ဝှမ်း နေ့စဉ်တိုးမြှင့်လုပ်ဆောင်နေသည့် အကြမ်းဖက်မှုများကြောင့် ပြည်သူ ၂ သန်းကျော် သည် နေရပ်စွန့်ခွာတိမ်းရှောင်နေရလျက်ရှိသည့်အပြင် နိုင်ငံတွင်း စီးပွားရေး ချွတ်ခြုံကျမှုများ ကြောင့် ပြည်သူ ၁၈ သန်းကျော်သည် လူသားချင်းစာနာထောက်ထားမှု အကူအညီများ လိုအပ် လျက်ရှိပါသည်။

၅။ ထို့ကြောင့် ဥပဒေမဲ့ စစ်အာဏာသိမ်းမှုအပါအဝင် အကြမ်းဖက်စစ်ကောင်စီက ကျူးလွန်လျက်ရှိသည့် အကြမ်းဖက်မှုများနှင့် သတ်ဖြတ်မှုများ အမြန်ဆုံး အဆုံးသတ်နိုင်ရေး သည် မြန်မာပြည်သူများအတွက် အရေးတကြီး လိုအပ်လျက်ရှိပါသည်။ သို့ဖြစ်ပါ၍ အာဆီယံ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီနှင့် စစ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ အပါအဝင် နိုင်ငံရေး၊ စီးပွားရေး၊ သံတမန်ရေး ပူးပေါင်းဆောင်ရွက်မှုများကို လုံးဝရပ်တန့်ပေးရန် ထပ်လောင်းတောင်းဆိုပါသည်။

၆။ ယခုကဲ့သို့ ဒေသတွင်းငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအပေါ် အလွန် အကျိုးသက်ရောက် နေသည့် မြန်မာနိုင်ငံ အရေးကိစ္စအပါအဝင် အခြားစိန်ခေါ်မှုများစွာကို ရင်ဆိုင်ကြုံတွေ့နေရသည့် အချိန်တွင် အာဆီယံအဖွဲ့ဝင်နိုင်ငံခေါင်းဆောင်များအနေဖြင့် အာဆီယံ ပဋိညာဉ်ပါ ပြဋ္ဌာန်းချက်များ၊ နိုင်ငံတကာဥပဒေများနှင့် လူ့အခွင့်အရေးစံနှုန်းများကို လေးစားလိုက်နာလျက် အာဆီယံ အသိုက်အဝန်း၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းခြင်းနှင့်အတူ အာဆီယံဒေသတွင်း ပြည်သူများ၏ အကျိုးစီးပွားကို ဦးစားပေးထည့်သွင်းစဉ်းစားလျက် မိတ်ဆွေကောင်းပီသမှုကို ပြသရန် လိုအပ်ပါသည်။

၇။ အာဆီယံဒေသတွင်းပြည်သူများဖြစ်သည့် မြန်မာပြည်သူများအပေါ် လူမဆန်သော အကြမ်းဖက်မှုများ ကျူးလွန်နေသည့် ရာဇဝတ်သား စစ်ကောင်စီနှင့် ယခုကဲ့သို့ ထိတွေ့ဆက်ဆံ နေခြင်း၊ ပူးပေါင်းဆောင်ရွက်နေခြင်းတို့သည် အကြမ်းဖက်မှုနှင့် ဒေသတွင်း မတည်ငြိမ်မှုကို ပိုမို ဦးတည်စေနိုင်ကြောင်း မိမိတို့အနေဖြင့် အထူးသတိပေးလိုပါသည်။ အာဆီယံအဖွဲ့ဝင်နိုင်ငံများ အနေဖြင့် မိမိတို့၏ တောင်းဆိုချက်များနှင့် အကြံပြုချက်များအပေါ် အမြော်အမြင်ရှိစွာ ထည့်သွင်းဆုံးဖြတ်လိမ့်မည်ဟု မျှော်လင့်ပါသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

Scroll to Top