တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ အားလုံးကို အကြမ်းဖက်အဖွဲ့အဖြစ်မှ ဖြစ်စေ၊ မတရားအသင်းမှ ဖြစ်စေ ပယ်ဖျက်ကြောင်း ကြေညာခြင်း။
ကြေညာချက် အမှတ် ( ၁၄/၂၀၂၁ )
၁၃၈၂ ခုနှစ်၊ တပေါင်းလဆန်း ၅ ရက်
မတ်လ (၁၇) ရက်၊ ၂၀၂၁ ခုနှစ်။
၁။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည် နိုင်ငံရေးရည်မှန်းချက်များဖြစ်သော စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး၊ သမ္မတကြီး ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးထိန်းသိမ်းခံရသူများအားလုံး လွတ်မြောက်ရေး၊ ဒီမိုကရေစီရရှိရေး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဖျက်သိမ်းရေးနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ဖွဲ့စည်းပုံခြေခံဥပဒေပေါ်ပေါက်ရေးတို့ကို ၂၀၂၁ ခုနှစ် မတ်လ ၅ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်သည်။
၂။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း၌ အကြမ်းဖက်အဖွဲ့အဖြစ်သော်လည်းကောင်း၊ မတရားအသင်းအဖြစ်သော်လည်းကောင်း ကြေညာခံထားရသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ထောင်ရေးအတွက် တိုက်ပွဲဝင်နေကြသော တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများအားလုံးကို အကြမ်းဖက်အဖွဲ့အဖြစ်မှ ဖြစ်စေ၊ မတရားအသင်းမှ ဖြစ်စေ ပယ်ဖျက်ကြောင်း ကြေညာလိုက်သည်။
၃။ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် တိုက်ပွဲဝင်နိုင်ရန် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက်သောကြောင့် ပုဒ်မ ၁၇ (၁) ဖြင့် ဖမ်းဆီးအရေးယူမှုအားလုံးသည် တရားဝင်မှုမရှိကြောင်းနှင့် ၎င်းဖမ်းဆီးအရေးယူမှုအားလုံးကို ရှုံ့ချကြောင်း ကြေညာလိုက်သည်။
၄။ တရားမဝင် အာဏာသိမ်းစစ်ကောင်စီ၏ မတရားသောအမိန့်အာဏာများကို ဖီဆန်သည့် ပြည်သူ့လှုပ်ရှားမှု (Civil Disobedience Movement) တွင် ပါဝင်သော နိုင်ငံ့ဝန်ထမ်းများ၊ အကြမ်းဖက်စစ်ကောင်စီ၏ မတရားမှုများ၊ အကြမ်းဖက်မှုများကို ဆန့်ကျင်တိုက်ပွဲဝင်နေကြသော ပြည်သူများကို စောင့်ရှောက်ကာကွယ်မှုများ ဆောင်ရွက်ပေးနေကြသည့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများအားလုံးကို အထူးကျေးဇူးတင်ရှိပါသည်။
၅။ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီး တည်ဆောက်ရေးအတွက် ခိုင်မာသော သန္နိဋ္ဌာန်ချမှတ်ကာ ညီရင်းအစ်ကို၊ မောင်ရင်းနှစ်မ စိတ်ထားများဖြင့် အတူတကွ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြသည့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများအားလုံးကို လေးနက်စွာ မှတ်တမ်းတင် ဂုဏ်ပြုပါသည်။
The Committee Representing Pyidaungsu Hluttaw


